ဂျူဗင်တပ်စ်က လီဝန်ဒေါစကီးကို အလွတ်နဲ့ခေါ်ဖို့ စုံစမ်းနေ၊ ဘာစီလိုနာမှာ ဆက်ရှိဖို့ အခြေအနေ ခက်ခဲလာ

လီဝန်ဒေါစကီး ဂျူဗင်တပ်စ် အပြောင်းအရွှေ့

ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ မျက်စိကျနေတာက မီလန် တစ်သင်းတည်း မဟုတ်ပါဘူး။ ပိုလန် တိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ စာချုပ်ကိစ္စ အခက်တွေ့နေပြီး ရာသီကုန်မှာ သူ့ရဲ့အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရပါတော့မယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဖြစ်နိုင်ခြေကလည်း တော်တော်လေး များနေပါတယ်။ ဒါပေမဲ့ သူ ဘယ်ကို သွားမှာလဲ။

မက်တီယို မော်ရက်တို နဲ့ ဖာဘရီဇီယို ရိုမာနို တို့ရဲ့အဆိုအရ ဂျူဗင်တပ်စ်ဟာလည်း လီဝန်ဒေါစကီးကို အလိုရှိနေတဲ့ အသင်းစာရင်းထဲမှာ ပါဝင်လာပါတယ်။ သူတို့ဟာ လာမဲ့နွေရာသီမှာ နည်းပြ လူစီယာနို စပယ်လက်တီ အတွက် စိတ်ချရတဲ့ တိုက်စစ်မှူးတစ်ယောက် ရှာပေးချင်နေတာပါ။

လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာနဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ လက်ရှိသဘောတူညီချက်ထဲမှာ ၂၀၂၇ ခုနှစ်အထိ တစ်ဖက်သတ် သက်တမ်းတိုးနိုင်တဲ့အချက် ပါဝင်နေပါတယ်။ ဒါပေမဲ့ ကစားသမားဘက်က ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခွင့်ရှိတယ်လို့ နှစ်ဖက်ကြား လူကြီးလူကောင်းဆန်ဆန် သဘောတူထားတာမျိုး ရှိပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာမှာ ဆက်ရှိနေဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဘာစီလိုနာက စာချုပ်သက်တမ်း မတိုးတော့ဘဲ သူ့ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးတော့မှာပါ။

“ကျွန်တော့်ရဲ့ အနာဂတ်ကို မကြာခင် ဆုံးဖြတ်မှာပါ” လို့ လီဝန်ဒေါစကီးက ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောခဲ့ပေမဲ့ အခုထိတော့ ဘာမှ ထူးမလာသေးပါဘူး။ ဘိုင်ယန်နဲ့ ဒေါ့မွန် တိုက်စစ်မှူးဟောင်းဟာ ကွင်းထဲမှာပဲ အာရုံစိုက်ထားပြီး ချန်ပီယံလိဂ် အပါအဝင် ဆုဖလားတွေ ရနိုင်သမျှ ရယူချင်နေပါတယ်။ ၁၉၈၈ ခုနှစ်ဖွား၊ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးပေမဲ့ ကတ်တလန်ကလပ်ကတော့ သူ့ကို အလွတ်နဲ့လက်လွှတ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပါတယ်။

မီလန်က လီဝန်ဒေါစကီးကို စိတ်ဝင်စားနေတာ ကြာပြီဖြစ်သလို အခုနောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်ကပါ စုံစမ်းမှုတွေ လုပ်လာတာပါ။ ဂျူဗင်တပ်စ်ရဲ့ အစီအစဉ်က ဒူဆန် ဗလာဟိုဗစ်ကို စာချုပ်သစ်ချုပ်မယ်၊ အိုပန်ဒါ နဲ့ ဒေးဗစ် တို့ကို ရောင်းထုတ်မယ်၊ ပြီးရင် ဗလာဟိုဗစ်နဲ့ တွဲကစားဖို့ နောက်ထပ် အတွေ့အကြုံရှိ နံပါတ် ၉ တိုက်စစ်မှူးတစ်ယောက် ရှာမယ်ဆိုတဲ့ အစီအစဉ်ပါ။ ဒါကြောင့်လည်း လီဝန်ဒေါစကီးရဲ့ အသိုင်းအဝိုင်းကို ဆက်သွယ်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေပါသေးတယ်။ လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်ကို အလောတကြီး မချချင်သေးသလို သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ဘယ်လို ဖြတ်သန်းမလဲဆိုတာ စဉ်းစားနေပါတယ်။ ငွေကြေးထက် နေထိုင်မှုပုံစံကို ပိုဦးစားပေးမှာဖြစ်လို့ အမေရိကန် အမ်အယ်လ်အက်စ် (MLS) ကလပ်တွေနဲ့လည်း အဆက်အသွယ် ရှိနေပါတယ်။ အမ်အယ်လ်အက်စ်ဟာ လစာကောင်းကောင်း ပေးနိုင်တဲ့အပြင် သူ့မိသားစု အနာဂတ်အတွက်လည်း မြို့ကြီးတွေမှာနေထိုင်နိုင်မဲ့ အခွင့်အရေး ရှိနေပါတယ်။

ဒီကြားထဲမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း ဒေးဗစ် ထရီဇီဂေးကလည်း လီဝန်ဒေါစကီးကို ခေါ်ဖို့ အကြံပြုထားပါတယ်။ သူက Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဗလာဟိုဗစ်ကို ဝေဖန်ခဲ့ပြီး “ဗလာဟိုဗစ်ဆီကနေ ဒီထက်မက မျှော်လင့်ခဲ့တာပါ။ သူ တူရင်မှာ ၅ ရာသီရှိပြီ ဖြစ်ပေမဲ့ ဂျူဗင်တပ်စ်အတွက် တကယ်ပဲ အားကိုးရတဲ့ နံပါတ် ၉ လားဆိုတာ မသေချာသေးဘူး။ ကျွန်တော်သာဆိုရင် လီဝန်ဒေါစကီးကို အသက် ၃၇ နှစ် ဖြစ်နေရင်တောင် အလွတ်နဲ့ ခေါ်မှာပါ။ သူက ဟာလန်းလိုမျိုး တကယ့်တိုက်စစ်မှူးအစစ်တွေထဲက တစ်ယောက်ပဲ။ အခွင့်အရေးသာရှိရင် ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကို တူရင်အထိ ပိုးပြီး ခေါ်လာမိမှာပါ” လို့ ပြောခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *