တနင်္လာနေ့နံနက်က ပေါ်တူဂီကိုရှုံးနိမ့်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ စပိန်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာက လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖို့အစီအစဉ်ရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ စပိန်နည်းပြ လူးဝစ်ဒီလာဖွန်တေဟာ မိုရာတာကို အရန်ကစားသမားအဖြစ်သာပါဝင်စေခဲ့တာဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမဲ့ ကစားသမားစာရင်းမှာ ရွေးချယ်ခဲ့ပါတယ်။ သို့သော်လည်း စပိန်ဟာ မိုရာတာရဲ့ပင်နယ်တီလွဲချော်မှုနဲ့ပဲ နေရှင်းလိဂ်ဆုဖလားကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
မိုရာတာပင်နယ်တီလွဲချော်ခဲ့ပေမဲ့ ဖွန်တေက “သူက ကျွန်တော့်အသင်းရဲ့ခေါင်းဆောင်ပါ။ သူ့အနေနဲ့ ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသင်းရဲ့အကောင်းဆုံး ခေါင်းဆောင်တစ်ဦးဖြစ်နေတုန်းပါပဲ။ မိုရာတာက အသင်းရဲ့နောက်ကွယ်မှာ အရမ်းအရေးပါတဲ့ လုပ်ငန်းစဉ်တွေကို ဦးဆောင်နေပါတယ်။ ဒါကြောင့် သူက အသင်းအတွက် အရမ်းအရေးကြီးပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဖွန်တေက အခုလိုပဲ မိုရာတာကို အမွှန်းတင်ပြီးချီးကျူးခဲ့ပေမဲ့ ကစားသမားကတော့ လက်ရွေးစင်အသင်းကနေ အနားယူဖို့ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။ မိုရာတာက “ကျွန်တော်ပင်နယ်တီလွဲခဲ့လို့ အသင်းဖော်တွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ နည်းပြရဲ့စကားတွေအတွက် သူ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ပင်နယ်တီကိုလည်း ကျွန်တော်အကောင်းဆုံးကန်သွင်းခဲ့ပါတယ်။ အဲဒီထက်ပိုကောင်းတဲ့ကန်ချက်မျိုးလည်း ကျွန်တော်မကန်တတ်တော့ပါဘူး”
“လက်ရွေးစင်အသင်းကနေ အနားယူဖို့လား။ တကယ်လို့ လာမဲ့စက်တင်ဘာမှာ ကျွန်တော်စပိန်အသင်းနဲ့ မပူးပေါင်းဘူးဆိုရင်တော့ အနားယူဖို့ ဖြစ်နိုင်ချေရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source : https://sports.yahoo.com/