ထရက်ဘ်ဇွန်စပေါ်က ပြန်လာပြီး မန်ယူရဲ့နံပါတ် ၁ ဂိုးသမားနေရာကို ပြန်လုဖို့ အိုနာနာ ဆုံးဖြတ်ထား

ထရက်ဘ်ဇွန်စပေါ်က ပြန်လာပြီး မန်ယူရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပြန်လုဖို့ အိုနာနာ ဆုံးဖြတ်ထား

သတင်းတွေအရ အန်ဒရေ အိုနာနာဟာ ရာသီကုန်လို့ ထရက်ဘ်ဇွန်စပေါ်နဲ့ အငှားစာချုပ်ကုန်ဆုံးချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာပြီး အသင်းရဲ့ နံပါတ် ၁ နေရာအတွက် ပြန်တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ သူဟာ မန်ယူမှာ အမှားအယွင်းတွေ ခဏခဏလုပ်ခဲ့ပြီးနောက် အနာဂတ်မရေမရာဖြစ်ခဲ့လို့ အခုလို အငှားချခံခဲ့ရတာပါ။

သူ့နေရာမှာ အစားထိုးဖို့ ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံဂိုးသမား ဆန်နီလမ်မန်းစ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ လက်စွမ်းပြနေပါတယ်။ အိုနာနာဟာ မန်ယူမှာ ၂ နှစ်ကြာဖြတ်သန်းခဲ့ပေမဲ့ လူပြောများတဲ့ အမှားအယွင်းကြီးတွေ ခဏခဏလုပ်ခဲ့လို့ ဝေဖန်မှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း မန်ယူက နွေရာသီမှာ ရွိုင်ရယ် အန့်ဝပ်ကနေ ဆန်နီလမ်မန်းစ်ကိုခေါ်ယူပြီး အိုနာနာကို ထရက်ဘ်ဇွန်စပေါ်ဆီ အငှားချလိုက်တာပါ။

အိုနာနာရဲ့ အငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် အချက်အလက်မပါတာကြောင့် သူဟာ ရာသီကုန်ရင် မန်ချက်စတာကို ပြန်လာရမှာပါ။ ဒီအတောအတွင်းမှာ ဆန်နီလမ်မန်းစ်ကတော့ အသင်းရဲ့ ပထမဦးစားပေးဂိုးသမားအဖြစ် ခြေစွမ်းပြပြီး နေရာခိုင်မာအောင် လုပ်ထားနိုင်ပါတယ်။ အိုနာနာဟာ အခုလောလောဆယ် မန်ယူနဲ့ ဝေးကွာနေပေမဲ့ သူ့ရဲ့ မန်ယူကစားသမားဘဝကို ပြန်အသက်သွင်းဖို့ မျှော်လင့်ချက် မစွန့်လွှတ်သေးပါဘူး။

The Guardian ရဲ့ ဖော်ပြချက်အရ အိုနာနာဟာ သူပြန်လာတဲ့အခါ နံပါတ် ၁ နေရာအတွက် ပြန်လုချင်နေပြီး သူ့ကို အခွင့်အရေးပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ဆန်နီလမ်မန်းစ်ကို ကျော်ဖြတ်ဖို့ကတော့ သူ့အတွက် ခက်ခဲတဲ့စိန်ခေါ်မှု ဖြစ်နေမှာပါ။

ဆန်နီလမ်မန်းစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်ကို ၁-၀ နဲ့ နိုင်တဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို နည်းပြ မိုက်ကယ် ကာရစ်ရဲ့ ချီးကျူးမှုကိုလည်း ရရှိထားပါတယ်။

ကာရစ်က “ကျွန်တော့်အတွက်တော့ ဂိုးသမားဆိုတာ ယုံကြည်အားကိုးလို့ ရရမယ်။ ရှုပ်ထွေးမှုတွေကို ဖန်တီးမဲ့အစား အဲ့ဒီရှုပ်ထွေးမှုတွေကိုဖယ်ရှားပြီး တည်ငြိမ်အောင် လုပ်ပေးနိုင်ရမယ်။ လမ်မန်းစ်က အဲ့ဒါကို လုပ်ပြနိုင်တယ်” လို့ ပြောပါတယ်။

အဲဗာတန်နည်းပြ ဒေးဗစ် မိုယက်စ်ကလည်း လမ်မန်းစ်ရဲ့ လက်စွမ်းကို သဘောကျနေပြီး “အဲ့ဒီဂိုးသမားက တကယ်ကို တော်ပါတယ်။ မိုက်ကယ် ကင်းန်ရဲ့ ကန်ချက်ကို ကာကွယ်သွားပုံရော၊ ထောင့်ကန်ဘောတွေကို ကိုင်တွယ်ပုံပါ အဆင့်ရှိပါတယ်။ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပေမဲ့ သူကတော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားပါပဲ” လို့ ဆိုပါတယ်။

မန်ယူဂိုးသမားဟောင်း ဗန်ဒါဆားကတော့ အိုနာနာ ဘာကြောင့် မန်ယူမှာ အဆင်မပြေဖြစ်ခဲ့လဲဆိုတာကို ရှင်းပြထားပါတယ်။ သူက “ကျွန်တော် အိုနာနာနဲ့ အေဂျက်စ်မှာ ၃၊ ၄ နှစ်လောက် အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူက အရည်အချင်းရှိတဲ့သူပါ။ ဒါပေမဲ့ သူက တစ်ခါတလေကျရင် ‘ဒါမျိုးကြီး ဘယ်လိုလုပ်မိတာလဲ’ ဆိုပြီး အံ့ဩရလောက်အောင် အမှားအယွင်းတွေ လုပ်တတ်တယ်။ အသင်းတစ်သင်းမှာ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။ မန်ယူမှာက ပြီးခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်ကတည်းက တည်ငြိမ်မှု မရှိခဲ့တာပါ။ ဒါကြောင့် ကစားသမားသစ်တွေအတွက် အခြေအနေက ခက်ခဲပါတယ်။ သူစရောက်တုန်းကတော့ အောင်မြင်မယ်လို့ ကျွန်တော် တကယ်ထင်ခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *