အာဂျင်တီးနားက မက်ဆီအပေါ်မှာ မှီခိုနေခြင်းမရှိကြောင်း စကာလိုနီ ပြောကြား

စကာလိုနီ နှင့် မက်ဆီ

အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက အသင်းဟာ ဂန္ထဝင်ကစားသမား လီယွန်မက်ဆီအပေါ်မှာ မှီခိုနေခြင်းမရှိကြောင်းနဲ့ မက်ဆီပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ပုံမှန်ခြေစွမ်းနဲ့ကစားနိုင်စွမ်းရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး စုစုပေါင်း ၁၉၂ ပွဲအထိကစားထားကာ ၁၁၂ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ် ရွှေတံဆိပ်ဆုကိုသာမက ကိုပါအမေရိကဆုဖလားကိုလည်း ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက်-၃၇ နှစ်အရွယ်အသင်းခေါင်းဆောင်ဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ မတ်လက ဥရုဂွေး၊ ဘရာဇီးတို့နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားကတော့ ၂ ပွဲစလုံးကို အနိုင်ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ထားခဲ့ပါတယ်။ ယခုအခါမှာတော့ မက်ဆီဟာ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် ယခုလအတွင်း ချီလီကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်ခဲ့သလို၊ ကိုလံဘီယာနဲ့ယှဉ်ပြိုင်သွားရမဲ့ ပွဲစဉ်မှာလည်း ဆက်လက်ပါဝင်လာဖွယ်ရှိပါတယ်။ 

ကိုလံဘီယာနဲ့ကစားသွားရမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မတိုင်မီမှာ စကာလိုနီက “အသင်းရဲ့လက်ရှိအခြေအနေက မက်ဆီပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ တူညီတဲ့ခြေစွမ်းနဲ့ကစားနိုင်ပါတယ်။ အရင်တုန်းကတော့ အခြေအနေတစ်မျိုးဖြစ်ခဲ့ပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး။ ဒါက အသင်းအတွက်ကောင်းမွန်တဲ့အချက်တစ်ခုပါ” လို့ပြောကြားခဲ့ပါတယ်။ 

ကိုလံဘီယာနဲ့အာဂျင်တီးနားတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အုပ်စုအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ထိုစဉ်က ကိုလံဘီယာက ၂-၁ နဲ့အနိုင်ရခဲ့ပါတယ်။ ဆက်လက်ပြီး စကာလိုနီက “ကိုလံဘီယာက ကစားသမားကောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းပါ။ သူတို့ရဲ့ရိုးရှင်းတဲ့ကစားဟန်က ကျွန်တော်တို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အသင်းကောင်းတစ်သင်းဆိုတာ သက်သေပြပြီးသားပါ။ အရမ်းကောင်းတဲ့ပွဲဖြစ်လာဖို့ရှိနေပြီး အိမ်ကွင်းမှာကစားရမှာဆိုတော့ ကျွန်တော်တို့အတွက် အားသာချက်ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

Source : espn.com

Leave a Reply

Your email address will not be published. Required fields are marked *