တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ ATEEZ သည် ဥရောပရှိ အကြီးဆုံးမိုးလုံလေလုံ ဖျော်ဖြေပွဲနေရာတစ်ခုဖြစ်သည့် La Défense Arena တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခွင့်ရသည့် ပထမဆုံး K-pop အနုပညာရှင်အဖွဲ့ အဖြစ် သမိုင်းတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၂)ရက်တွင် ATEEZ အဖွဲ့သည် ၎င်းတို့၏ 2025 World Tour ‘Towards the Light: Will to Power in Europe’ ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီးနောက် ယခုလိုမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
လူ(၄၀၀၀၀)ဆံ့သော ဖျော်ဖြေပွဲနေရာတွင် ဖျော်ဖြေခွင့်ရခြင်းသည် ATEEZ အဖွဲ့အတွက် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး ၎င်းတို့၏ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို ထပ်မံသက်သေပြနိုင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲသည် (၂၀၁၉)ခုနှစ်၊ (၂၀၂၂)ခုနှစ် နှင့် (၂၀၂၃)ခုနှစ်တို့တွင် လုပ်ဆောင်ခဲ့သောဖျော်ဖြေပွဲများအပြီး ပဲရစ်မြို့တွင် ထပ်မံပြုလုပ်သော ATEEZ အဖွဲ့၏ လေးကြိမ်မြောက် ဖျော်ဖြေပွဲဖြစ်သည်။
ထို့ပြင် ATEEZ အဖွဲ့၏ (၁၀)ခုမြောက် မီနီအယ်လ်ဘမ် album ‘Golden Hour: Part 1’ နှင့် (၁၁)ခုမြောက် မီနီအယ်လ်ဘမ် ‘Golden Hour: Part 2’ နှစ်ခုစလုံးသည် French SNEP Top Albums ဇယား၏ ထိပ်ဆုံးအဆင့် (၅)ဆင့်ထဲတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။ ATEEZ အဖွဲ့က “ကျွန်တော်တို့ကို အမြဲတမ်းချစ်ပေးပြီး ပံ့ပိုးပေးခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေအများကြီးအထိ အားလုံးရဲ့ရင်ထဲမှာ ကျွန်တော်တို့အဖွဲ့ က ရှင်သန်နေနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
Source : allkpop.com