အမှတ်ရဖွယ်တစ်နှစ်တာကာလကို ဖြတ်သန်းပြီးနောက် ဘော်လွန်းဒီအော်ဆုကို မန်စီးတီးကြယ်ပွင့်ရိုဒရီ ဆွတ်ခူးရရှိခဲ့ပါပြီ။ အသက်-၂၈ နှစ်အရွယ်စပိန်လက်ရွေးစင်က အခုနှစ်၊ ဂျာမန်မြေယူရိုချန်ပီယံခရီးစဉ်မှာ အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်စွမ်းဆောင်ခဲ့ပါတယ်။

အယ်တီဟတ်မှာ ရှိနေစဉ်ကာလတွေမှာလည်း သူ့ကို ဟာလန်းထက်ပင် ပက်ဂွါဒီယိုလာအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်ထားကြပြီး ရိုဒရီကိုယ်တိုင်ကလည်း အသင်းနဲ့အတူ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ အာဆင်နယ်နဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ပြင်းထန်ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာကြောင့် ရိုဒရီက သူ့ရဲ့ဘောလုံးရာသီသစ်ကို စောစောစီးစီးပဲ ပိတ်သိမ်းထားရပါတယ်။ ဒါပေမဲ့ သူက လာမဲ့ဘောလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အသန်မာဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
မယုံကြည်နိုင်လောက်စရာပါပဲ၊ ရိုဒရီက ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးအသင်းရှုံးနိမ့်မှုမတိုင်ခင် ၇၄ ပွဲဆက် ရှုံးပွဲမတွေ့အောင်ကစားကာ ဥရောပဘောလုံးသမိုင်းတလျှောက်ရှုံးပွဲမရှိကာလသက်တမ်း အရှည်ကြာဆုံးစံချိန် တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
အခုလိုခမ်းနားလှတဲ့အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ပေမဲ့ ရိုဒရီကတော့ အောက်သက်ကြေပြီး ကျိုးနွံတဲ့ လူနေမှုပုံစံကိုသာ နှစ်သက်သူဖြစ်ပြီး ဇနီးလော်ရာအီဂလီစီးယက်စ်အပါအဝင် သူ့ရဲ့လူနေမှုဘဝကို အများပြည်သူမြင်ကွင်းရှေ့မှ ဖျောက်ထားခဲ့ပါတယ်။
စပိန်သားက ၂၀၁၉ ခုနှစ်မှာ မန်စီးတီးဆီ ပေါင် ၆၃ သန်းဖြင့် ရောက်ရှိလာခဲ့ပြီး သီတင်းတစ်ပတ်လုပ်ခ ပေါင် ၂၂၀,၀၀၀ အထိ ရရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူက ငွေကြေးသုံးဖြုန်းလေ့ရှိတဲ့ လူနေမှုဘဝတစ်ခုနဲ့ အံဝင်ခွင်ကျရှိမနေပါဘူး။
သူက မော်တော်ကားအဟောင်းတွေကိုသာ ဝယ်ယူစီးနင်းလေ့ရှိပြီး ပရော်ဖက်ရှင်ဘောလုံးသမားဘဝကိုလည်း တက္ကသိုလ်ပညာသင်ယူရင်း စတင်ခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေနဲ့လည်း ခပ်ဝေးဝေးမှာပဲ နေထိုင်လေ့ရှိပါတယ်။
ဘော်လွန်းဒီအော်ဆုဆီသို့
—————————–
ရိုဒရီက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အငြင်းပွားဖွယ်မရှိ မန်စီးတီးရဲ့အရေးပါဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့အဆင့်ထိပ်တန်းကလပ်အသင်းတစ်ခုမှာ ကစားနေတဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ဦးဆီမှာ ဘော်လွန်းဒီအော်ဆုရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
ရိုဒရီရဲ့စပိန်လက်ရွေးစင်အသင်းဖော် မိုရာတာက မန်စီးတီးနဲ့အတူ ၂၀၂၃ ခုနှစ်မှာ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့တဲ့ ရိုဒရီကို ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ရိုဒရီကတော့ ဒီဆုကို ရရ၊ မရရ သူ့အတွက် စိတ်ဝင်စားစရာ ဘာမှမရှိပါဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ The Guardian သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်အတွင်း ရိုဒရီက “ဘော်လွန်းဒီအော်ဆုအတွက် ကျွန်တော်ဘောလုံးကစားနေတာ မဟုတ်ပါဘူး။
လူတွေကတော့ ဒီဆုအတွက် ကျွန်တော်ပိုပြီးရေပန်းစားလာတာကို ကြိုက်ချင်ကြိုက်ကြပါလိမ့်မယ်။ တခါတလေ မိုရာတာကလည်း ကျွန်တော့်ကို ‘ဘော်ဒါရေ၊ မင်းတော့ ရသင့်တယ်’လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိတ်ဆွေတွေအကြားမှာ ဘောလုံးအပေါ် ရှုမြင်ပုံချင်း မတူညီကြပါဘူး။
ဒီဆုအတွက် ဘယ်လိုအကဲဖြတ်သုံးသပ်သလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ဒီဆုအတွက် ကျွန်တော့်ကို လျစ်လျူရှုသွားမယ်ဆိုရင်လည်း စိတ်ပျက်မိစရာအကြောင်း မရှိပါဘူး။ တစ်နေ့မှာ တစ်ယောက်ယောက်က ကျွန်တော့်ကို ဘော်လွန်းဒီအော်ဆုပေးချင်တယ်လို့ ပြောလာမယ်ဆိုရင်လည်း ကြိုဆိုသွားရပါလိမ့်မယ်။ ဒါပေမဲ့ ဒီဆုရခြင်း၊ မရခြင်းအပိုင်းက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသား + ပရော်ဖက်ရှင်နယ်ဘောလုံးသမား
—————————————————————–
ရိုဒရီက မန်စီးတီးဆီ အက်သလက်တီကိုမက်ဒရစ်မှ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုတော့ ဗီလာရီးရဲလ်နဲ့အတူ စတင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက တက္ကသိုလ်ပညာသင်ယူနေဆဲကာလဖြစ်လို့ ရိုဒရီက အဆောင်နေကျောင်းသားအဖြစ် သူ့ရဲ့ကစားသမားဘဝကို စတင်ခဲ့ပါတယ်။
သူက အထက်တန်းစားနေအိမ်တိုက်ခန်းတစ်လုံးကို မငှားရမ်းဘဲ စပိန်နိုင်ငံအရှေ့ဘက်ခြမ်းရှိ တက္ကသိုလ်တစ်ခုရဲ့အဆောင်မှာပဲ နေထိုင်ခဲ့ပါတယ်။
သူက စီးပွား/စီမံဘာသာရပ်ကို အထူးပြုလေ့လာခဲ့ပြီး မရေရာလှတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနဲ့ ပညာရေးတို့အကြား ဟန်ချက်ညီညီလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရိုဒရီက တက္ကသိုလ်ကျောင်းသားဘဝမှာ အတန်းချိန်တစ်ခုမှ မလစ်ဟင်းခဲ့ပါဘူး။
ရိုဒရီရဲ့အဆောင်နေသူငယ်ချင်းဖြစ်ခဲ့တဲ့ ဗာလင်တိုင်းဟီနာရီဂျိုက “တက္ကသိုလ်မှာ အဆောင်နေရင်း စပိန်ထိပ်တန်းလိဂ်မှာကစားနေတဲ့ ရိုဒရီကို မြင်လိုက်ရသူတိုင်း အံ့သြသွားတတ်ကြပါတယ်။
ရက်နည်းနည်းလောက်ကြာလာတော့ သူ့ကိုတွေ့ရတာ ပုံမှန်လို ဖြစ်သွားပါတယ်။ ရိုဒရီက လူတိုင်းနဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်ပြီး သူငယ်ချင်းဖြစ်ရတာတွေ၊ ဆိုဖာပေါ်မှာ အတူတကွထိုင်ရတာတွေကို သဘောကျပါတယ်။
ဒါပေမဲ့ အစပိုင်းမှာ စားပွဲတင်တင်းနစ်ကစားနေတဲ့ (သို့မဟုတ်) အဝတ်လျှော်ရေချိုးနေတဲ့ ရိုဒရီကို မြင်တွေ့ရတာ သူတို့အတွက် ထူးဆန်းနေခဲ့ပါတယ်”လို့ ပြောပါတယ်။
ရိုးစင်းတဲ့ လူနေမှုဘဝ
———————–
ရိုဒရီနဲ့ သူ့ရဲ့လက်တွဲဖော်လော်ရာတို့က လော်ရာရဲ့Instagram စာမျက်နှာကို ဖုံးကွယ်ထားခြင်းနဲ့အတူ သူတို့နှစ်ဦးရဲ့လူနေမှုဘဝကို လျှို့ဝှက်ထားချင်ကြပါတယ်။

လော်ရာက ဆေးကျောင်းသူတစ်ဦးဖြစ်ပြီး နောင်မှာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်လာဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးက တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ဆုံတွေ့ခဲ့ကြတာပါ။
ရိုဒရီကတော့ လော်ရာဟာ တက္ကသိုလ်ကျောင်းသား၊ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးကို မြင်တွေ့ရလို့ စိတ်ရှုပ်ထွေးနေခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ လော်ရာက သူ့ရဲ့အကြီးမားဆုံး ပရိသတ်တစ်ဦးဖြစ်လာပြီး မကြာခဏဆိုသလို ရိုဒရီရဲ့သွင်းဂိုးတွေအတွက် အောင်ပွဲခံနေတဲ့ ဗီဒီယိုရုပ်သံတွေကို လူမှုကွန်ရက်မှာ မျှဝေလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်လေးကြိမ်ဆက်ချန်ပီယံက အဲ့ဒီလိုအောင်ပွဲခံဗီဒီယိုတွေကို မကြာခဏပြန်ကြည့်လေ့ရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ရိုဒရီက “ ကျွန်တော် ဂိုးသွင်းပြီးချိန်တိုင်း အိမ်မှာ လော်ရာအောင်ပွဲခံနေတဲ့ ရုပ်သံဗီဒီယိုတစ်ခုကို ရိုက်ကူးထားလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဝတ်လဲခန်းထဲမှာ ဒီလိုရုပ်သံဗီဒီယိုကို အမြဲတမ်းကြည့်ရှုဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရိုးရိုးအေးအေး ဘဝနေထိုင်မှု
———————————
ရိုဒရီရဲ့ထိပ်တန်းစွမ်းဆောင်ရည်တွေက အီတီဟတ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့ဝင်ငွေကို ဒီရေအလား တိုးတက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ သူက အခြားအသင်းဖော်တွေလို အသုံးအဖြုန်းကြီးမားလှတဲ့ပုံစံမျိုးကို ရှောင်ကြဉ်ပြီး ပိုပြီးရိုးစင်းအေးဆေးတဲ့လူနေမှုပုံစံကိုသာ ရွေးချယ်ခဲ့ပါတယ်။
ယာဉ်မောင်းလိုင်စင်ရရှိလာချိန်မှာလည်း ရိုဒရီက Ferrari လို Lamborghini လို မော်တော်ကားတွေ ဝယ်ယူဖို့ထက် အမျိုးသမီးကြီးတစ်ဦးထံမှ တစ်ပတ်ရစ် Opel Corsa မော်တော်ကားတစ်စီးကိုသာ ဝယ်ယူခဲ့ပါတယ်။
ရိုဒရီရဲ့သူငယ်ချင်းဖြစ်သူဗာလင်တိုင်းက “မော်တော်ကားအကောင်းစားတွေကို ဝယ်ယူခြင်းအပေါ်မှာ အချို့သူငယ်ချင်းတွေ ရူးသွပ်နေကြတယ်လို့ ရိုဒရီက ကျွန်တော့်ဆီ ပြောခဲ့ဖူးပါတယ်။ ဒါကို သက်သက်မဲ့ငွေဖြုန်းတီးနေတာလို့ ရိုဒရီက သတ်မှတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ရိုဒရီကိုယ်တိုင်လည်း အခြားအရာဝတ္တုတွေထက် သူ့ရဲ့စွမ်းဆောင်ရည်တိုးတက်လာဖို့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်လုပ်ဆောင်နေရေးကိုသာ စိတ်ထဲစွဲမြဲနေခဲ့ပါတယ်။
ဒါတွေက သူ့ကို ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ မရှိမဖြစ်ကစားသမားတစ်ဦး ဖြစ်လာအောင် ကူညီပေးခဲ့သလို စပိန်ဂန္တဝင်ဘတ်စ်ကွက်ရဲ့ခြေရာနင်းနိုင်မဲ့သူလို့ အများရဲ့ရှုမြင်သုံးသပ်မှုကို ရရှိစေခဲ့ပါတယ်။
#xda77 #xda77digital #ရိုဒရီ #စပိန် #ဗီလာရီးရဲလ် #ဂွါဒီယိုလာ #ဘော်လွန်းဒီအော်