ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရထားတဲ့ ဘိုတာဖိုဂိုနဲ့ ချိတ်ဆက်ဖို့လည်း ငြင်းဆန်ထားတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ဘရာဇီးကလပ် ဘိုတာဖိုဂိုနဲ့ချိတ်ဆက်ဖို့လည်း ငြင်းဆန်ထားတယ်လို့ ယူနိုက်တက်အသင်းဖော်ဟောင်း အဲလက်ဇ်တဲလက်စ်က ပြောကြားလာခဲ့ပါတယ်။ တဲလက်စ်ဟာ ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်နဲ့ အယ်လ်နာဆာတို့မှာ ကစားခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာတော့ ဘိုတာဖိုဂိုအသင်းမှာရောက်ရှိနေတာဖြစ်ပါတယ်။ ကစားသမားဟာ ဘိုတာဖိုဂိုသို့ပြောင်းရွှေ့လာဖို့ ရော်နယ်ဒိုကို တိုက်တွန်းပြောဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ ပေါ်တူဂီသားက ငြင်းဆန်းထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာနဲ့လည်း စာချုပ်သက်တမ်းတိုးမြှင့်ထားခြင်းမရှိတာကြောင့် တဲလက်စ်က ဘိုတာဖိုဂိုသို့လာရောက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ အသက်-၄၀ နှစ်အရွယ်ပေါ်တူဂီကြယ်ပွင့်ကို ကမ္ဘာတစ်ဝှမ်း ဘောလုံးကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်ထားပေမယ့် သဘောတူညီမှုတစ်စုံတစ်ရာမရရှိသေးဘူးလို့သိရပါတယ်။ ယခုအခါမှာ တဲလက်စ်က “သူ့ရဲ့ကောလာဟလတွေနဲ့ပတ်သက်ပြီး ကျွန်တော်ကြားပါတယ်။ သူ့ကို ဘိုတာဖိုဂိုကိုလာဖို့ပြောတော့ သူက အချိန်မကျသေးဘူးလို့ ကျွန်တော့်ကိုပြန်ပြောပါတယ်။ လူတွေက သူတို့အတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာ သိကြပါတယ်။ ရော်နယ်ဒိုလည်း သူ့အတွက်အကောင်းဆုံးဖြစ်မဲ့နေရာကိုသွားပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

မကြာသေးမီက ပေါ်တူဂီအသင်းနဲ့အတူ နေရှင်းလိဂ်ဆုဖလားကို ဆွတ်ခူးထားနိုင်တဲ့ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့စာချုပ်သစ်ချုပ်ဆိုထားခြင်းမရှိတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာဖို့ အလားအလာများနေပါတယ်။ ကောလာဟလတွေအရတော့ ပေါ်တူဂီသားဟာ ဆော်ဒီကလပ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *