တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ် ဗိုလ်လုပွဲစဉ်မှာ စပိန်နဲ့ပေါ်တူဂီတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြရာ သာမန်ပွဲကစားချိန်အတွင်း ၂-၂ နဲ့သရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပေါ်တူဂီက ၅-၃ နဲ့အနိုင်ရကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပေါ်တူဂီအတွက်သူရဲကောင်းဖြစ်ခဲ့တဲ့ ကစားသမားက ဂိုးသမား ဒီယေဂိုကော်စတာဖြစ်ပြီး စပိန်တိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာရဲ့ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့ကာ အသင်းကို ဒုတိယအကြိမ်မြောက် နေရှင်းလိဂ်ချန်ပီယံဖြစ်စေခဲ့ပါတယ်။
စပိန်အနေနဲ့ ပေါ်တူဂီနောက်တန်းရဲ့ ဖြတ်ထုတ်ပုံမသေသပ်မှုမှတစ်ဆင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲကစားချိန် မိနစ် ၂၀ မှာ ဇူဘီမန်ဒီက အနီးကပ်ပိတ်သွင်းယူပေးခဲ့ပါတယ်။ သို့သော်လည်း ၅ မိနစ်အကြာမှာပဲ ပေါ်တူဂီအတွက်ချေပဂိုးကို နောက်ခံလူ နူနိုမန်ဒက်စ်က ဧရိယာထဲဆွဲဝင်ပြီး ဘယ်ခြေနဲ့အပြင်းကန်သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းပြီးကာနီးမှာ စပိန်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ပီဒရီရဲ့ပေးပို့မှုမှတစ်ဆင့် မီခေးလ်အိုယာဇာဘယ်လ်က သပ်သပ်ရပ်ရပ်အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံး အခွင့်အရေးတွေထပ်မံရရှိခဲ့ကြပေမဲ့ သွင်းဂိုးအနေနဲ့တော့ ပေါ်တူဂီအတွက်သွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ အဖိုးတန်ချေပဂိုးတစ်ဂိုးသာမြင်တွေ့ခဲ့ရပြီး ဝါရင့်တိုက်စစ်မှူးဟာ နေရာယူမှန်မှန်နဲ့ အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျနေခဲ့လို့ အချိန်ပိုဆက်လက်ကစားစေခဲ့ရာမှာ ၂ သင်းစလုံးထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ကိုခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ မိုရာတာရဲ့ လွဲချော်မှုနဲ့အတူ စပိန်အသင်း နေရှင်းလိဂ်ဆုဖလားကိုလက်လွှတ်ခဲ့ရပြီး ပေါ်တူဂီက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အဲဒီဆုဖလားကြောင့် ဂုတ်ကြီးရော်နယ်ဒိုရဲ့ ဝမ်းသာမျက်ရည်ကျနေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။
Source : goal.com