အင်္ဂလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်း

အင်တာမီယာမီအသင်းရဲ့တွဲဖက်ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့အိပ်မက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်းဟာ ဘောလုံးကစားသမားဘဝမှအနားယူခဲ့ပြီးကတည်းက နည်းပြလောကထဲသို့ဝင်ရောက်ခဲ့သူမဟုတ်ပေမဲ့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့တော့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သူက အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဂါရတ်ဆောက်ဂိတ်ရဲ့ အသင်းအပေါ်ချဉ်းကပ်မှုနဲ့ လူငယ်တွေမွေးထုတ်ပေးနိုင်ခဲ့တဲ့အ‌ပေါ် ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ဘက်ခမ်းက “ကျွန်တော်အမြဲတမ်းလုပ်ချင်တဲ့အလုပ်က ကျွန်တော်တို့နိုင်ငံရဲ့လက်ရွေးစင်အသင်းကို နည်းပြတစ်ယောက်အဖြစ် ကိုင်တွယ်ချင်တာပါ။ ၁၀ နှစ်အတွင်းမှာ ကျွန်တော် အင်္ဂလန်ကိုဦးဆောင်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဗြုန်းစားကြီးတော့ နည်းပြရာထူးကိုယူလို့မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရာထူးကိုရဖို့အတွက် အလုပ်ကြိုးစားနေတဲ့နည်းပြတွေအပေါ် မလေးမစားလုပ်သလိုဖြစ်မှာစိုးလို့ပါ”

“ကျွန်တော်ကတော့ ဂါရတ်တည်ဆောက်ခဲ့တဲ့ အင်္ဂလန်ရဲ့နည်းစနစ်တွေကို သဘောကျပါတယ်။ သူကလက်ရှိအသင်းကို ယူ-၂၁ လောက်ကတည်းက တည်ဆောက်ခဲ့တာပါ။ ကစားသမားတွေက သူ့ကိုယုံကြည်ကြပါတယ်။ ပြီးတော့ သူအလုပ်လုပ်တဲ့ပုံစံကိုလည်း ကြိုက်ကြပါတယ်။ မကြာသေးမီက သူဆာဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။ နိုင်ငံအတွက်၊ လက်ရွေးစင်အသင်းအတွက်သူလုပ်ခဲ့တာတွေကြောင့် ဒီလိုချီးမြှင့်ခံခဲ့ရတာပါ။ သူနဲ့ထိုက်တန်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်မှာလည်း ကစားခဲ့ဖူးတဲ့ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်မှာ ဘောလုံးလောကမှအနားယူခဲ့ပြီး နှစ် ၂၀ ကြာဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။ အနားယူခဲ့ပြီးကတည်းက ဘက်ခမ်းဟာ မေဂျာလိဂ်ကလပ် အင်တာမီယာမီကို အကူအညီတွေပေးခဲ့ပေမဲ့ နည်းပြတစ်ယောက်အဖြစ်တော့မဟုတ်ဘဲ၊ ကွင်းပြင်ပမှာသာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အင်္ဂလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖြစ်မယ်ဆိုရင်တော့ ကမ္ဘာ့ဘောလုံးလောကအတွက် ထူးခြားတဲ့ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ 

ဘက်ခမ်းဟာ မကြာမီမှာ ဆာဘွဲ့ရရှိတော့မှာဖြစ်ပြီး သူ့ရဲ့ကလပ် အင်တာမီယာမီကလည်း အမေရိကန်မှာကျင်းပသွားမဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ 

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *