ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

အာတီတာ - အာဆင်နယ်နည်းပြ

ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

စံချိန်တင် ချန်ပီယံလိဂ် ၁၅ ကြိမ်ဆုရှင် ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အာဆင်နယ်ရဲ့ပီတိဖြစ်စရာစွမ်းဆောင်ရည်က စပိန်မြို့တော်မှာကျင်းပမဲ့ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် နောက်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်နိုင်ဖို့အတွက် ခိုင်မာအားကောင်းတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ အမှတ်ကွာဟမှုကြီးမားနေတဲ့ အာတီတာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှ စိတ်အားထက်သန်မှုမျိုး ပရိသတ်တွေဆီမှာ မမြင်တွေ့ခဲ့ရဘူးလို့ ယုံကြည်နေပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အာတီတာက “ကွင်းတွင်းအငွေ့အသက်တွေက အင်္ဂါနေ့တုန်းကအခြေအနေတွေနဲ့ မတူညီဘူးဆိုတာတော့ သေချာပါတယ်။ ဒါက ကိုယ့်အိမ်ကွင်းမှာကစားနေရတာမျိုး ဟုတ်ရဲ့လားဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး။ ပရော်ဖက်ရှင်နယ်တွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ပရိသတ်တွေရဲ့ခိုင်မာအားကောင်းတဲ့အားပေးမှုက အရေးကြီးလွန်းတယ်ဆိုတာ သိကြပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့လုပ်ချင်ခဲ့တဲ့အရာက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကျွန်တော်တို့မျှော်မှန်းထားတဲ့အရာအတွက် ကျွန်တော်တို့ရဲ့စစ်မှန်တဲ့စိန်ခေါ်မှုအခွင့်အလမ်းတွေကို တိုးမြှင့်သွားဖို့ ဖြစ်ပါတယ်။ အခုရလဒ်ပိုင်းအရတော့ အဲ့ဒီလိုမျိုးမဖြစ်လာဘူးဆိုတာ သေချာသလောက်ပါပဲ”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ အာတီတာအတွက် အပေါင်းလက္ခဏာဆောင်တဲ့တစ်ချက်က ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်ရဲ့ တိုက်စစ်ပိုင်းဧရိယာတွေအတွင်း လွှမ်းမိုးနိုင်စွမ်း ဖြစ်ခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ အံ့အားသင့်စရာကောင်းလှတဲ့ ဖရီးကစ်သွင်းဂိုးနှစ်ဂိုးကို သွင်းယူခဲ့သလို ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း ပါတေးရဲ့ဦးဆောင်ဂိုးအတွက် ရင်သပ်ရှုမောဖွယ်ဂိုးဖန်တီးမှုကို ပြုလုပ်ခဲ့ပါတယ်။

အာတီတာက “တစ်ဂိုးသွင်းယူပြီးချိန်တိုင်းမှာ နောက်ထပ်တစ်ဂိုးသွင်းယူနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိကြပါတယ်။ ဒီနေ့မှာလည်း ဒီကလန်ရိုက်စ်က ဂိုးသွင်းယူနိုင်ရေးကူညီပေးဖို့ မယုံကြည်နိုင်လောက်စရာ ကိစ္စတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပါတေးဆီ အချိန်ကိုက်ဘောလုံးပေးပို့မှုမပြုလုပ်ခင်အထိ သူက နေရာလွတ်ဆီ ဘောလုံးကို ဆွဲပြေးသွားခဲ့တယ်။ ပြီးတော့ သူက ပါတေးအတွက် ဂိုးသမားနဲ့ တစ်ဦးချင်းထိပ်တိုက်ရင်ဆိုင်နိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။ ဒီကလန်ရိုက်စ်ရဲ့စွမ်းဆောင်ရည်ကောင်းကို နောက်တစ်ကြိမ်မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဝစ်ဆာက အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရှိနေတဲ့ ဘရန့်ဖို့ဒ်အတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Source : reuters.com

Leave a Reply

Your email address will not be published. Required fields are marked *