မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေကြောင့် ကြိုးကြာနီတွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆု သိမ်းပိုက်ရေးကြိုးပမ်းမှုကို အဟန့်အတားမဖြစ်စေခဲ့ပါဘူးလို့ လီဗာပူးနည်းပြအန်းစလော့က ရှင်းပြခဲ့ပါတယ်။
မိုဆာလက်၊ ဗန်ဒိုက်၊ အာနိုးလ်တို့လို အဓိကကစားသမားတွေရဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ရောက်ရှိလာမှုနဲ့အတူ လီဗာပူးအသင်းက အခုဘောလုံးရာသီကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ မိုဆာလက်၊ ဗန်ဒိုက်တို့ကို လီဗာပူးအသင်း စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပြီး အင်္ဂလန်ညာနောက်ခံလူကိုတော့ အသင်းမှထွက်ခွာဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ဒီနေရာမှာ မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သက်တမ်းမရေရာမှုတွေက လီဗာပူးရဲ့လိဂ်ချန်ပီယံဆုရရှိရေး ကြိုးပမ်းမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သလားဆိုတဲ့ မေးခွန်းတွေလည်း အမှန်တကယ်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုမျိုးအဟန့်အတားတွေ အမှန်တကယ်မရှိလာခဲ့ဘဲ အန်းစလော့က အာဆင်နယ်ကိုကျော်ဖြတ်ကာ အသင်းကို ပရီမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ ဦးဆောင်ပေးခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ဆွေးနွေးမှုတွေဟာ အသင်းအပေါ် ဘယ်တုန်းကမှ အနှောင့်အယှက်မဖြစ်ခဲ့ပါဘူးလို့ ထပ်ဆင့်ပြောကြားလိုက်ပါတယ်။
မိုဆာလက်၊ ဗန်ဒိုက်တို့ရဲ့စာချုပ်သစ်ကိစ္စမှာ သူ့ရဲ့ပါဝင်ပတ်သက်မှုအတိုင်းအတာကို မေးမြန်းလာချိန် အန်းစလော့က “ ၈၀ ရာခိုင်နှုန်းလောက်က ကလပ်အသင်းပဲ လုပ်ဆောင်ခဲ့တာပါ။ သီးခြားစီပါပဲ။ ဒါပေမဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကလပ်အသင်းဘက်က ကျွန်တော့်ဆီ အမြဲမပြတ်သတင်းပို့ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့စာချုပ်သက်တမ်းကိစ္စအားလုံးကို ကျွန်တော်မပါဝင်ရတာ ကြိုက်ပါတယ်။ ဒီလိဂ်မှာ လာမဲ့ပွဲစဉ်အတွက်ပြင်ဆင်ဖို့ အချိန်လိုအပ်တာကြောင့် စာချုပ်သက်တမ်းကိစ္စတွေကို တစ်ယောက်ယောက်လုပ်နေတာပဲ ကြိုက်ပါတယ်။ ဒါတွေက ကစားသမားတွေအတွက်လည်း မခက်ခဲဘူးဆိုတော့ ကျွန်တော့်အတွက်လည်း မခက်ခဲပါဘူး။
ကစားသမားတွေအတွက် အခက်အခဲရှိလာခဲ့ပြီဆိုရင်တော့ ကျွန်တော်သူတို့နဲ့စကားပြောဖို့ အချိန်အများကြီး အသုံးပြုပေးရပါလိမ့်မယ်။ ပြီးရင် နောက်ပွဲစဉ်အတွက် သူတို့နဲ့အတူ ပြင်ဆင်သွားရပါမယ်။ ဒါပေမဲ့ အကူအညီဖြစ်သွားတာမျိုးလည်း ရှိကောင်းရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်မှမထွက်ခွာခင်အထိ ကျွန်တော်တို့တွေ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကြိုးစားနေလို့ ဒါတွေက ကစားသမားတွေအတွက် အာရုံစူးစိုက်မှုအပြည့်ရှိလာအောင် အကူအညီပေးခဲ့ပါတယ်။
ဒီနှစ်မှာ မိုဆာလက်နဲ့ ဗန်ဒိုက်တို့အတွက် ထူးရှယ်အဖြစ်ဆုံးအခိုက်အတန့်က သူတို့ရဲ့စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့အချိန်လို့ မထင်ပါဘူး။ ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတဲ့ အခိုက်အတန့်သာ ထူးရှယ်အဖြစ်ဆုံးပါ။ စာချုပ်သက်တမ်းရှိနေလို့ပဲ သူတို့တွေ ဒီကလပ်အသင်းမှာ ရှိနေတာ မဟုတ်ပါဘူး။ သူတို့မှာ ငွေကြေးအလုံအလောက် ရှိထားပြီးပါပြီ။ အနည်းဆုံးတော့ ကျွန်တော်တွေးမိတဲ့အရာက ဒါပါပဲ”လို့ BBC Sport ဆီ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းက အခုနွေရာသီမှာ အာနိုးလ်တစ်ဦးတည်းကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေပြီး ငယ်မွေးခြံပေါက်ညာနောက်ခံလူနေရာမှာအစားထိုးသွားရန် လေဗာကူဆင်ကစားသမား ဖရင်းပေါင်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
Source : goal.com