VAR ရဲ့ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ ပရီးမီးယားလိဂ်က ပုံအမှားတွေကိုအသုံးပြုခဲ့တယ်လို့ လက်စတာနည်းပြစွပ်စွဲ

ပုံအမှားတွေကိုအသုံးပြုခဲ့တယ်လို့ လက်စတာနည်းပြစွပ်စွဲ

လက်စတာစီးတီးနည်းပြ စတိဗ်ကူပါက ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှ VAR ရဲ့ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့  ပုံအမှားတွေကိုအသုံးပြုခဲ့တယ်လို့ စွပ်စွဲပြောကြားလာခဲ့ပါတယ်။

အခုချိန်အထိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးတဲ့ တန်းတက်လက်စတာဟာ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး မိနစ် ၉၀ ကျော်အထိ ၁-၂ နဲ့အနိုင်ရထားခဲ့ပေမဲ့ ပင်နယ်တီပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရတာကြောင့် ၂-၂ နဲ့သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းသွင်းယူခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတီတာရဲ့သွင်းဂိုးဟာ VAR ဆုံးဖြတ်ချက်အရ ဂိုးအဖြစ်သတ်မှတ်ခံခဲ့ရပြီး လက်စတာအနေနဲ့ အဆိုပါဂိုးဟာ အငြင်းပွားစရာဖြစ်တယ်လို့ယူဆခဲ့တာဖြစ်ပါတယ်။ 

ရုပ်သံအနှေးပြကွက်တွေမှာ မာတီတာအနေနဲ့ လူကျွံအနေအထားမှာ ရှိနေခဲ့ပေမဲ့ VAR နဲ့စစ်ဆေးရာမှာတော့ ပြုပြင်ထားတဲ့ပုံအမှားတွေကိုသာ ချပြခဲ့တာဖြစ်တယ်လို့ ကူပါက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ကူပါက “ဒါကတော့ စိတ်ပျက်စရာကောင်းတဲ့ အမှားပါပဲ။ ဒါကို မီဒီယာထဲမှာ ဖုံးကွယ်ထားပါတယ်။ ဒါပေမဲ့ အမှားကတော့ အမှားအတိုင်းဆက်ဖြစ်ဦးမှာပါပဲ။ ကျွန်တော်တို့ကြည့်တဲ့ပုံမှာတော့ သူက ရှင်းရှင်းလင်းလင်းကြီးကို လူကျွံနေခဲ့တာပါ”

“ ဒါပေမဲ့ သူတို့က ဒါကိုပြုပြင်ခဲ့ပုံပေါ်ပါတယ်။ ကျွန်တော်တို့ တီဗွီဖန်သားပြင်မှာတွေ့ခဲ့ရတဲ့ ပုံက ပုံအမှားကြီးပါ။ ပရီးမီးယားလိဂ်က ပုံအမှားကြီးကိုအသုံးပြုခဲ့တယ်ဆိုတာ ကျွန်တောတို့ သက်သေပြပြီးပါပြီ။ ဆန့်ကျင်ဖို့လိုအပ်တဲ့ ချို့ယွင်းချက်တစ်ခုပါပဲ။ ပရီးမီးယားလိဂ်မှာ ဒီလိုချို့ယွင်းချက်တွေမရှိသင့်ပါဘူး။ လူကျွံဘောတွေဖမ်းဖို့ပဲ VAR ကိုပြောင်းလဲအသုံးပြုနေတာမဟုတ်လား။ အဲဒီဂိုးကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျခဲ့ပါတယ်။ ကလပ်အတွက်ရပ်တည်ပြီး ပရီးမီးယားလိဂ်ကို ကျွန်တော်တို့ရဲ့အမြင်တွေချပြဖို့ လိုအပ်ပါတယ်” 

“ဒီလိုနဲ့ အမှားတွေဆက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အတွက် တစ်ခုခုဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေနဲ့ ဒါကို သေသေချာချာကိုင်တွယ်သင့်ပါတယ်။ ကစားသမားတွေနဲ့ မန်နေဂျာတွေက ဒီအပေါ်မှာ သေချာအာရုံစိုက်နေသလို ဒိုင်လူကြီးတွေလည်း ပါဝင်လာဖို့လိုပါတယ်။ တကယ့်ပုံအစစ်ကို ကျွန်တော်တို့ ချပြမှာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကိုပဲ တိုက်ရိုက်တင်ပြခဲ့ပြီး လောလောဆယ်မှာတော့ သူတို့ အကြောင်းမပြန်သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

Source: reuters.com

#xda77 #xda77digital #VARရဲ့ချို့ယွင်းချက် #လက်စတာစီးတီး #စတိဗ်ကူပါ

Leave a Reply

Your email address will not be published. Required fields are marked *