နယူးကာဆယ်ကို နိုင်တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဟာလန်းရဲ့ ကိုယ်ကျိုးမဖက်တဲ့ ကစားပုံကို ဂွါဒီယိုလာ ချီးကျူး

ဟာလန်းကို ဂွါဒီယိုလာချီးကျူး

ပက် ဂွါဒီယိုလာက နယူးကာဆယ် ယူနိုက်တက်ကို ၂-၁ နဲ့ အရေးကြီးတဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းကိုကူညီပေးခဲ့တဲ့ အာလင်း ဟာလန်းရဲ့ ကိုယ်ကျိုးမဖက် ကစားပုံကို ချီးကျူးလိုက်ပါတယ်။ နီကို အိုရွိုင်လီ ရဲ့ သွင်းဂိုး ၂ ဂိုးက ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်ကို ဆက်လက်ဖိအားပေးနိုင်ဖို့အတွက် အဖိုးတန် ၃ မှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ ၂၂ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။ သူဟာ ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူဖို့ ပစ်မှတ်ထားနေတာပါ။

ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဂိုးမသွေးခဲ့ပေမဲ့ နော်ဝေတိုက်စစ်မှူးဟာ ကွင်းရဲ့နှစ်ဖက်စလုံးမှာ နယူးကာဆယ်နောက်ခံလူတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ အစွမ်းပြမှုအပေါ် အထူးပဲ ကျေးဇူးတင်နေပါတယ်။ “ကျွန်တော်တို့ ခံစစ်ကစားနေရတာမျိုး မကြိုက်ဘူး။ ဒါပေမဲ့ ဘောလုံးအရှည်တွေ ပေးလာတဲ့အခါမှာတော့ ဟာလန်းဟာ ဗဟိုနောက်ခံလူတစ်ယောက်လိုမျိုး ကူညီလုပ်ဆောင်ပေးခဲ့ရပါတယ်” လို့ စီးတီးနည်းပြက ပြောပါတယ်။

“ပွဲအပြီးသတ်ခါနီးမှာ ဘန်းစ်နဲ့ ဂျိုးလင်တန်တို့လို ကစားသမားတွေ ရှိနေတော့ သူက ကျွန်တော်တို့ကို ကူညီပေးခဲ့ရပါတယ်။”

အာလင်းကို ခံစစ်ဆင်းကစားခိုင်းတာကို ကျွန်တော် သိပ်သဘောမကျပေမဲ့ သူကတော့ ကျွန်တော်တို့ကို ကူညီပေးခဲ့ပါတယ်။ ပွဲအပြီးမှာ လူတွေက သူ့ကိုဘယ်လိုပွေ့ဖက်ပြီး အောင်ပွဲခံကြတယ်၊ သူ့ရဲ့ ကူညီပေးမှုအပေါ် ဘယ်လောက်အသိအမှတ်ပြုကြတယ်ဆိုတာကို သိပါတယ်။ ဘာလို့လဲဆိုတော့ နယူးကာဆယ်က ကျွန်တော်တို့ကို အဲ့ဒီလိုဖြစ်အောင် ဖိအားပေးခဲ့လို့ပါ။”

“သူ့အတွက် စိတ်မကောင်းဖြစ်ရတာ တစ်ခုကတော့ သူ့ဆီ နောက်ဆုံးပေးပို့မှုတွေလုပ်နိုင်မဲ့အခြေအနေတွေမှာ ကျွန်တော်တို့ သူ့ကို မရှာနိုင်ခဲ့လို့ပါ။”

“ပြေးလွှားတိုက်စစ်ဆင်နေပြီးမှ ဂိုးသွင်းဖို့အတွက် နောက်ဆုံးဘောလုံး မရတာက သူ့အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ဘောလုံးပွဲက ဒီလိုပါပဲ။”

“သူဟာ တကယ့်ကို ရက်ရောတဲ့ ကစားသမားပါ။ အခု အာလင်း လုပ်ဆောင်ပေးခဲ့တာတွေဟာ ကျွန်တော် ဘယ်တော့မှ မမေ့နိုင်တဲ့ ခြေစွမ်းမျိုးပါပဲ။”

ဂိုးသွင်းအများဆုံးဖြစ်သလို ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု (ဂိုးသွင်းခြင်းနဲ့ ဂိုးဖန်တီးခြင်း) ၂၉ ကြိမ်နဲ့ အများဆုံး ဖြစ်နေပါတယ်။ ဒါဟာ ဒုတိယနေရာက ကစားသမားထက် ၁၁ ကြိမ်တောင် ပိုများနေတာပါ။

၂၇ မိနစ်မှာ အိုရွိုင်လီရဲ့ အနိုင်ဂိုးအတွက်လည်း သူက တိကျတဲ့ဖြတ်တင်ဘောနဲ့ ဂိုးဖန်တီးပေးခဲ့ပါသေးတယ်။ “နောက်ဆုံးတိုက်စစ်ပိုင်းမှာ တစ်ယောက်ယောက်က သူ့ဆီ ဘောလုံးဖြတ်တင်ပေးစေချင်တာပါ” လို့ ဂွါဒီယိုလာက ထပ်ပြောပါတယ်။

“ဒါဟာ အံ့သြစရာကောင်းတဲ့ လှုပ်ရှားမှုဖြစ်ပြီး ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ ကစားသမား ၄ ယောက်ရှိနေခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးဖန်တီးမှုပါ။”

“လူတွေ့မေးမြန်းခန်းတစ်ခုမှာ တစ်ယောက်က ပြောပြတယ်၊ သူ ဒီရာသီမှာ ဂိုးဖန်တီးမှုတွေ အများကြီး လုပ်ထားတယ်တဲ့။ ကိန်းဂဏန်းတွေ၊ ကြိုးစားအားထုတ်မှုတွေက မယုံနိုင်စရာပါပဲ။ ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။”

“တစ်ခါတလေ ကျွန်တော် သူ့ကိုဝေဖန်တတ်ပေမဲ့ ဒီနေ့မှာတော့ မင်းသာမရှိရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ အာလင်းကတော့ တကယ့်ကို ထူးချွန်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

Source : https://www.mancity.com/

Leave a Reply

Your email address will not be published. Required fields are marked *