ဟယ်ရီ မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေကတော့ ဒီရာသီကုန်မှာ အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်သက်တမ်းကုန်တော့မဲ့ အသက် ၃၂ နှစ်အရွယ် နောက်ခံလူကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိနေစေချင်ကြပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းမှာ ၆၄ ပွဲ ကစားပေးထားတဲ့ ဒီနောက်ခံလူကို အသင်းမှာ ဆက်မထားဘူးဆိုရင် ဒါဟာ “ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်” ဖြစ်လိမ့်မယ်လို့ အသင်းဖော်တွေက ယူဆနေကြကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ မက်ဂွိုင်းယားအပေါ် ထားရှိတဲ့ သူတို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြပြီး၊ အတွေ့အကြုံရင့် နောက်ခံလူကို အသင်းမှာ ဆက်ရှိနေစေကာ ၂၀၂၆ ခုနှစ်နောက်ပိုင်းအထိ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေမဲ့စာချုပ်သစ်ချုပ်ဖို့ လိုလားနေကြပါတယ်။ မက်ဂွိုင်းယားဟာ ကွင်းထဲကစွမ်းဆောင်ရည်တင်မကဘဲ ကွင်းပြင်ပမှာလည်း ခံစစ်တန်းက လူငယ်ကစားသမားတွေကို လမ်းပြပေးနေတဲ့အတွက် သူ့ရဲ့အခန်းကဏ္ဍကို အသင်းဖော်အားလုံးက တညီတညွတ်တည်း အသိအမှတ်ပြုထားကြပါတယ်။
၂၀၁၉ ခုနှစ်မှာ လက်စတာစီးတီးကနေ နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၀ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် မက်ဂွိုင်းယားဟာ ယူနိုက်တက်မှာ အတက်အကျတွေ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းကို အနိုင်ဂိုးသွင်းခဲ့သလို၊ ဒီရာသီမှာလည်း အန်းဖီးလ်မှာ လီဗာပူးကို အနိုင်ဂိုးသွင်းပြီး သူ့ရဲ့ခြေစွမ်းကို ပြန်လည်သက်သေပြနိုင်ခဲ့ပါတယ်။
သတင်းရင်းမြစ်တစ်ခုက “သူ့ကို စာချုပ်သစ်မပေးဘူးဆိုရင် ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်ပဲလို့ ကစားသမားတွေက ထင်နေကြတယ်။ ဟယ်ရီဟာ ယူနိုက်တက်မှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရပေမဲ့ အခုတော့ အရမ်းကောင်းကောင်း ကစားနေပါတယ်။ သူဟာ အသင်းထဲမှာ လေးစားခံရသူဖြစ်ပြီး အေဒင် ဟဲဗန် နဲ့ လီနီ ယိုရို လို လူငယ်ကစားသမားတွေကိုလည်း အတွေ့အကြုံတွေ အများကြီး မျှဝေပေးနေပါတယ်။ လူတိုင်းက သူ့ကို ချစ်ကြ၊ လေးစားကြပြီး အသင်းသားအများစုက သူ့ကို စာချုပ်သစ်ချုပ်စေချင်ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ မက်ဂွိုင်းယားဟာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဖြစ်ရင်တော့ လစာကို သိသိသာသာ လျှော့ချရဖို့ ရှိနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ အိုလီဂန်နာ ဆိုးရှားက သူ့ကို အသင်းခေါင်းဆောင် ခန့်ခဲ့ပေမဲ့ ၂၀၂၃ မှာ အဲရစ် တန်းဟက်ဂ်က အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားရဲ့ ပြန်လည်ကောင်းမွန်လာတဲ့ ခြေစွမ်းဟာ လူငယ်ကစားသမားတွေအတွက် စံနမူနာကောင်း ဖြစ်နေပါတယ်။ မကြာသေးခင်က အာဆင်နယ်နဲ့ပွဲမှာ သူဟာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို မိုက်ကယ် ကားရစ် လက်အောက်မှာလည်း လီဆန်ဒရို မာတီးနက်ဇ်နဲ့အတူ ခိုင်မာတဲ့ ခံစစ်အတွဲအဖက်ကို တည်ဆောက်ထားပါတယ်။
နည်းပြ မိုက်ကယ် ကားရစ်က “လီဆန်ဒရို မာတီးနက်ဇ်နဲ့ ဟယ်ရီတို့တွဲတာက ခိုင်မာတဲ့အခြေခံတစ်ခုကို ရစေပါတယ်။ အတွေ့အကြုံလိုအပ်တဲ့ ပွဲမျိုးတွေမှာ သူတို့က အားကိုးရပါတယ်။ မက်ဂွိုင်းယားဟာ ဒဏ်ရာကနေ ပြန်လာပြီး နှစ်ရက် သုံးရက်ပဲ လေ့ကျင့်ထားရသေးပေမဲ့ အခုလို ကစားပေးနိုင်တာက အသင်းအပေါ် သူဘယ်လောက် စိတ်နှစ်ထားလဲဆိုတာ ပြနေတာပါပဲ။ သူနဲ့ လီဆန်ဒရိုတို့ ခံစစ်မှာ ကျောက်ဆောင်လို ခိုင်မာနေတာကြောင့် ကျွန်တော်တို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်” လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
Source : https://www.goal.com/




