‘ပါဘလို တော်ရီ’က စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိ

ပါဘလို တော်ရီ

ဘာစီလိုနာအသင်းက ကွင်းလယ်လူ ပါဘလို တော်ရီ (Pablo Torre) ဟာ ‘စပိန်လာလီဂါ’ကလပ်အသင်းတစ်သင်းကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။

ကလဲမန့် လန်ဂ်လက် နဲ့ အန်ဆူ ဖာတီ  တို့ ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းဟာ နောက်ထပ် ကစားသမားတစ်ဦးနဲ့ မကြာခင်မှာ နှုတ်ဆက်ရတော့မှာပါ။ အသင်းမှာအခွင့်အရေးနည်းပါးနေတဲ့ ပါဘလို တော်ရီဟာ လာလီဂါပြိုင်ဘက် RCD Mallorca (မက်ယော်ကာ) အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို (Fabrizio Romano) က ဒီပြောင်းရွှေ့မှုကို “Here We Go” လို့ ကြေညာခဲ့ပြီး အသက် ၂၂ နှစ်အရွယ် တော်ရီဟာ Mallorca ကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ဘာစီလိုနာဘက်ကတော့ နောက်ပိုင်းမှာ ပြန်ရောင်းချမယ်ဆိုရင် ရောင်းရငွေရဲ့ ၅၀% ကို ပြန်ရရှိမဲ့ စာချုပ်ပါ ထည့်သွင်းထားပါတယ်။

တော်ရီဟာ နည်းပြ ဟန်စီ ဖလစ် လက်အောက်မှာ ခက်ခဲတဲ့ ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ကွင်းထဲရောက်တိုင်း ကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့ပေမဲ့ အသင်းမှာ အခွင့်အရေး လုံးဝမရခဲ့ပါဘူး။ ဒါကြောင့် အသင်းကနေ ထွက်ခွာတာဟာ ဖြစ်နိုင်ခြေအများဆုံး ရလဒ်ဖြစ်ခဲ့ပါတယ်။ တခြားလာလီဂါ ကလပ်အသင်းအချို့ကလည်း စိတ်ဝင်စားခဲ့ပေမဲ့ Mallorca ကပဲ တော်ရီကို အမြန်ဆုံး ခေါ်ယူနိုင်ခဲ့တာပါ။

ဒီသီတင်းပတ်အစောပိုင်းမှာ AFC Ajax နဲ့ Olympique Marseille တို့ ဝင်ရောက်ပတ်သက်လာပြီး တော်ရီကို စိတ်ဝင်တစားရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်စီးသွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ခဏတာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဟာ Mallorca ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကြား အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပါပြီ။

တော်ရီဟာ ဇူလိုင် ၁၀ ရက်နေ့မှာ စတင်မဲ့ ရာသီကြိုလေ့ကျင့်ရေးအတွက် သူ့ရဲ့အသင်းဖော်အသစ်တွေနဲ့ပူးပေါင်းနိုင်ဖို့ ဒီရက်ပိုင်းအတွင်း အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ်ရှိပါတယ်။

Source : barcauniversal.com

Leave a Reply

Your email address will not be published. Required fields are marked *