မန်စီးတီးနဲ့သရေကျခဲ့လို့ ဝမ်းသာပေမဲ့ အပိုင်အခွင့်အရေး ၂ ခုကို နှမြောနေဆဲဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ အင်ဇာဂီ

အင်ဇာဂီ xda77

အင်တာမီလန်နည်းပြ အင်ဇာဂီက ယနေ့နံနက်က မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ရှုံးပွဲမကြုံဘဲ သရေကျခဲ့တဲ့အပေါ်ကျေနပ်မိပေမဲ့ အနိုင်ရဖို့နီးစပ်ခဲ့တာကြောင့် လွဲချော်ခဲ့တဲ့အပိုင်အခွင့်အရေး ၂ ခုကို နှမြောနေဆဲဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို အီတီဟတ်မှာသွားရောက်ကစားခဲ့ရပေမဲ့ အင်တာမီလန်ဟာ မန်စီးတီးကို ခြေရည်တူကစားနိုင်ခဲ့ပြီး အာလင်းဟာလန်းဦးဆောင်တဲ့တိုက်စစ်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သလို တိုက်စစ်မှာလည်း သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အင်ဇာဂီက “ကျွန်တော်တို့ ကစားသမားတွေ ကောင်းကောင်းကစားနိုင်ခဲ့ပြီး တစ်ချို့အခြေအနေတွေမှာဆို သူတို့ထက်ပိုကောင်းတဲ့အခွင့်အရေးတွေတောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ယှဉ်ပြိုင်ခဲ့ရတဲ့ အသင်းက ဘာတွေလုပ်နိုင်လဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော်တို့လိုအပ်ချက်ရှိခဲ့တဲ့နေရာက ဂိုးဧရိယာအတွင်းက အဆုံးသတ်စွမ်းရည်ပါပဲ။ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့လိုအသင်းတွေနဲ့ ကစားတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဂိုးသွင်းယူနိုင်ပြီလို့ထင်တဲ့အချိန်မှာ သူတို့က အဲဒီဂိုးကို ကာကွယ်သွားနိုင်တာ ထုံးစံပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အင်တာမီလန်ကွင်းလယ်လူ ကယ်လာနိုဂလူကတော့ ၂၀၂၃ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ဖြစ်ရပ်က အခုချိန်မှာ ခြိမ်းခြောက်မှုမရှိတော့တာကြောင့် မန်စီးတီးကို ကြောက်ရွံ့ခြင်းမရှိဘဲ ခြေရည်တူကစားနိုင်ခဲ့ကြောင်းကို “ကျွန်တော်တို့ ဒီမှာကစားရမှာကို ကြောက်ရွံ့ခြင်းမရှိဘူးဆိုတာ ပြသချင်ခဲ့ပါတယ်။

ကျွန်တော်တို့ သူတို့ကစားတဲ့ပုံစံအတိုင်း ပြန်ကစားခဲ့ပါတယ်။ ဘယ်အသင်းနဲ့ဖြစ်ဖြစ် ကစားဖို့  ကြောက်ရွံ့မှုမရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကစားသမားတွေအားလုံး သက်တောင့်သက်သာပဲကစားခဲ့ပြီး အနိုင်ရနိုင်ချေတောင်ရှိခဲ့ပါတယ်။ မှန်ကန်တဲ့စိတ်ဓာတ် ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမဲ့တနင်္လာနေ့မနက်မှာတော့ အင်တာမီလန်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် ဒါဘီပြိုင်ဘက် အေစီမီလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်ဇာဂီက “မီလန်ဒါဘီပွဲစဉ်က ပရိသတ်တွေအတွက်ရော ကျွန်တော်တို့အတွက်ပါ ဘယ်လောက်အထိအရေးပါလဲ လူတိုင်းသိပါတယ်။ ဒီနေ့မှာ လိုက်ပါအားပေးခဲ့တဲ့ပရိသတ်တွေက ပွဲချိန်တစ်လျှောက်လုံး အသင်းရဲ့သီချင်းကို သီဆိုခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ ကျွန်တော်တို့ အီတလီကိုပြန်ပြီး အေစီမီလန်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားပါမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

Source: www.nst.com.my

#xda77 #xda77digital #အင်ဇာဂီ #အင်တာမီလန် #မန်စီးတီး

Leave a Reply

Your email address will not be published. Required fields are marked *