ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပီအက်စ်ဂျီကို ၂-၀ နဲ့ပြတ်ပြတ်သားသားဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲပြီးကာနီးမှာ ချေပဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက်ချေပဂိုး ၂ ဂိုးကို ပွဲပြီးကာနီး ၈၅ မိနစ်မှာ လီကန်အင်းနဲ့ ၉၀+၄ မိနစ်မှာ ဂွန်ကာလိုရာမို့စ်တို့က သွင်းယူပေးခဲ့ပါတာဖြစ်ပါတယ်။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပီအက်စ်ဂျီက ၄-၃ နဲ့အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော စူပါဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
ယခုအခါမှာ မာကွင်ဟိုစ်က ဘောလုံးပွဲတစ်ပွဲမှာအနိုင်ရဖို့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေဖို့လည်း လိုအပ်ကြောင်းပြောကြားလာခဲ့ပါတယ်။ ဘရာဇီးသားက “ဒီဆုဖလားအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ပြင်ဆင်မှုတွေ မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဒီပွဲကိုကြည့်ပြီး ဘောလုံးဆိုတာ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ပဲ မဆိုင်ဘူးဆိုတာ သိခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်း ဒီပြိုင်ပွဲမှာ အရမ်းအရေးကြီးပါတယ်”
“တော့တင်ဟမ်က ကျွန်တော်တို့ကို ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပြီး ခံစစ်မှာပိတ်ကစားခဲ့ပါတယ်။ သူတို့က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့သလိုပါပဲ။ ပီအက်စ်ဂျီကို ဒီလိုကစားရင် အရမ်းအန္တရာယ်များပါတယ်။ ကျွန်တော်တို့နည်းပြက လိုအပ်တဲ့လူစားလဲမှုတွေပြုလုပ်ခဲ့ပြီး ဂိုးတွေပြန်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမဲ့ ၂၀၂၅-၂၆ ရာသီမှာလည်း အောင်မြင်မှုတွေရရှိဖို့မျှော်လင့်ထားကြောင်းကို မာကွင်ဟိုစ်က “ကျွန်တော် ပီအက်စ်ဂျီကို အမြဲတမ်းကူညီသွားမှာပါ။ ဒီနေရာမှာ အောင်မြင်မှုတွေရမယ်လို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ ဒါကြောင့် အမြင့်ဆုံးစွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ နည်းပြရဲ့စိတ်ကြိုက်ကစားနိုင်ဖို့ကြိုးစားပြီး ကျွန်တော့်ရဲ့နေရာကို ထိန်းသိမ်းသွားပါမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးကိုအရေးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့ရပေမဲ့ ယခုအခါမှာတော့ တော့တင်ဟမ်ကိုအနိုင်ယူပြီး စူပါဖလားအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ လာမဲ့တနင်္ဂနွေနေ့မှာတော့ လူးဝစ်အင်းနရစ်ရဲ့အသင်းဟာ လီဂူးဝမ်းအဖွင့်ပွဲစဉ်အဖြစ် နန့်စ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။
Source : goal.com