တနင်္လာနေ့ (မတ်လ ၂၄ ရက်) က ဖော်ပြတဲ့ ဂျပန်မဂ္ဂဇင်း Josei Seven အရ Alice In Borderland ဇာတ်ကားထဲက ကြယ်ပွင့်မင်းသား ကန်တိုရာမာဇက်ကီနဲ့ မင်းသမီး ဆူဇူဟီရိုစ့်တို့စုံတွဲ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။
နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်ထွက် Manga ကိုပြန်ရိုက်ထားတဲ့ ဇာတ်ကား “Your Lie In April” မှာ အတူတွဲ သရုပ်ဆောင်ခဲ့ပြီး ရင်းနီးခဲ့တာပါ။
အဲဒီနောက် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ၂၀၂၂ ခုနှစ်မှာ တရားဝင်ကြေညာခဲ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဒါအပြင် ရာမာဇက်ကီနဲ့ ဟီရိုစ့်တို့ နှစ်ယောက် လက်သူကြွယ်မှာ ဆင်တူလက်စွပ် ကိုယ်စီ ဝတ်ဆင်ထားကြလို့လည်း မကြာခင် လက်ထပ်ကြတော့မယ်လို့ ပရိသတ်က မျှော်လင့်ထားကြတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကန်တိုရာမာ ဇက်ကီရဲ့အမည်မဖော်လိုသူ အသိမိတ်ဆွေတစ်ဦးရဲ့ပြောကြားချက်အရ သူတို့စုံတွဲဟာ ၂၀၂၅ ခုနှစ် အစောပိုင်းမှာ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။
နီးစပ်သူတွေရဲ့ပြောကြားချက်အရ ဟီးရိုစ့်ဟာ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ သူ့ဘေးနားက လူတွေနဲ့ တိုင်ပင်ရတာကို ကြိုက်တဲ့လူအမျိုးအစားဖြစ်ပြီး ရာမာဇက်ကီ ရိုက်ကူးရေးကြောင့် အဝေးကို ထွက်ခွာနေရချိန်မှာ အထီးကျန်မှုနဲ့အတူ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ဦးသား သေချာဆွေးနွေးခဲ့ကြပြီးနောက် နောက်ဆုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုသာ ကိုယ်စီအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
Source : cnalifestyle.channelnewsasia.com