ပြင်သစ်အသင်းမှာ ပြန်လည်ပါဝင်လာတော့မဲ့ အမ်ဘာပေ

ပြင်သစ်အသင်းမှာ ပြန်လည်ပါဝင်လာတော့မဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ၂ ကြိမ်တိုင်တိုင်ချန်လှပ်ခံခဲ့ရပြီးနောက် လာမဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရတော့မယ်လို့ သိရပါတယ်။

ပြင်သစ်နည်းပြ ဒီဒီ ယာဒက်စ်ချမ့်စ်ဟာ ကစားသမားကို အသင်းရဲ့လူစာရင်းကနေ ချန်လှပ်ထားခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိပြီးနောက်မှာ နိုင်ငံအသင်းအတွက် ကစားပေးလိုခြင်းမရှိဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့လို့ ပရိသတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကာလမှာ ပြင်သစ်က ပြိုင်ပွဲကစားနေချိန် အမ်ဘာပေက ဆွီဒင်မှာ တစ်ကိုယ်တော်ပါတီပေးနေခဲ့တာကြောင့် ပရိသတ်တွေသာမက ဘောလုံးဝေဖန်သုံးသပ်သူတွေပါ ကစားသမားကို အပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


ပြင်သစ်နာမည်ကျော်ဂျာနယ်လစ် ရိုမိန်းမိုလီနာက အမ်ဘာပေဟာ လက်ရွေးစင်အသင်းနဲ့ တဖြည်းဖြည်းဝေးကွာနေပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ဝင်စားခြင်းမရှိတော့ဘူးလို့ ဝေဖန်ပြောကြားထားခဲ့ပါတယ်။ သို့သော်လည်း အမ်ဘာပေကတော့ သူဟာ ပြင်သစ်အသင်းအတွက် ကစားပေးဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေကြောင်း ပြန်လည်တုံ့ပြန်ထားခဲ့ပါတယ်။


အသက်-၂၅ နှစ်အရွယ်ကစားသမားက “ကျွန်တော့်အတွက် နိုင်ငံအသင်းထက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျွန်တော့်မှာ အကောင်းဆုံးပုံစံရှိမနေဘူးဆိုတာ နည်းပြကိုပြောပြခဲ့ပါတယ်။ အသင်းပြောင်းခဲ့ရတော့ အလုပ်တွေရှုပ်နေပြီး အရမ်းပင်ပန်းနေခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို အပန်းဖြေခရီးထွက်ဖို့ အကြံပေးခဲ့ပါတယ်”

“အောက်တိုဘာလမှာတုန်းကတော့ ကျွန်တော်ဒဏ်ရာရနေခဲ့တာပါ။ ပြီးတော့ နည်းပြက ကျွန်တော့်ကိုချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်ဘာမှမပြောနိုင်ခဲ့ပါဘူး။ ကျွန်တော် ပြင်သစ်အတွက်ကစားပေးချင်ပေမဲ့ နည်းပြက ကျွန်တော့်ကိုမခေါ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်းမပြောပြတတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ လာမဲ့မတ်လ နိုင်ငံပွဲစဉ်တွေမှာ ပြင်သစ်အတွက် အမ်ဘာပေပြန်ကစားမှာလားဆိုတဲ့ မေးခွန်းကို ဒက်စ်ချမ့်စ်က “သေချာပါတယ်။ သူအသင်းမှာရှိနေမှာပါ။ ဘာလို့မရှိရမှာလဲ” လို့ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒက်စ်ချမ့်စ်က ကစားသမားကို အသင်းကနေချန်လှပ်ထားခဲ့တာက ထင်ရှားတဲ့အကြောင်းပြချက်တွေရှိနေတယ်လို့ဆိုပါတယ်။

ပြင်သစ်မန်နေဂျာက “သူ့ကိုချန်လုပ်ခဲ့တာ အကြောင်းပြချက်တွေရှိပါတယ်။ ဒါပေမဲ့ သူအခုတော့ ပြန်ကစားခွင့်ရမှာပါ။ ကြံ့ခိုင်မှု ပြည့်ဝနေတယ်ဆိုရင်ပေါ့။ သူက ပြင်သစ်အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ ရှုပ်ထွေးတဲ့ကိစ္စတွေရှိနေရင်တောင်မှ သူက အသင်းအတွက်အရေးပါနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၈၆ ပွဲကစားထားပြီး ၄၈ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ အွန်နရီရဲ့သွင်းဂိုး ၅၁ ဂိုးကို လိုက်မီဖို့ ၃ ဂိုးသာလိုအပ်တော့တာဖြစ်ပြီး လက်ရှိအသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အိုလီဗာဂျရူးရဲ့စံချိန်ကိုလိုက်မီဖို့လည်း ၉ ဂိုးသာလိုအပ်နေပါတယ်။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်မှာတော့ အမ်ဘာပေဟာ ၃၅ ပွဲကစားပြီးချိန်မှာ ၂၃ ဂိုးသာသွင်းယူထားနိုင်တာကြောင့် ဂိုးသွင်းနှုန်း ကျဆင်းနေတဲ့အခြေအနေမှာရှိနေပါတယ်။

ပြင်သစ်အသင်းဟာ လာမဲ့ မတ်လ ၂၀ နဲ့ ၂၃ ရက်နေ့တွေမှာ ယူအီးအက်ဖ်အေနေရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပထမအကျော့ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ကာ ဒုတိယ အကျော့ကိုတော့ ပြင်သစ်မြေမှာ ဧည့်ခံကစားသွားရပါမယ်။

Source : www.msn.com

Leave a Reply

Your email address will not be published. Required fields are marked *