မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလေဂန်နာဆိုးလ်ရှားက အသင်းကိုကိုင်တွယ်နေစဉ် ကြယ်ပွင့်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူခဲ့ခြင်းက မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ဝန်ခံလာခဲ့ပြီး တကယ်လို့ ရော်နယ်ဒိုသာ မန်စီးတီးကို ရောက်သွားပါက ဟာလန်းထက် ဂိုးတွေပိုသွင်းနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်မှာ ရော်နယ်ဒိုကို ဂျူဗင်တပ်စ်မှပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီး ဒရာမာဆန်ဆန် ပေါင်းစပ်မှုကိုပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ၂၀၀၉ ခုနှစ်က ယူနိုက်တက်မှ ရီးရဲလ်မက်ဒရစ်သို့ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အသင်းဟောင်းနဲ့ ပြန်လည်ပေါင်းဖက်ခဲ့တာဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်သို့ပြန်ရောက်လာခဲ့ပြီးနောက် ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပထမရာသီမှာ ပြိုင်ပွဲစုံ ၁၈ ပွဲကစားခဲ့ပြီး ၂၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာကစားသမားဟာ မန်နေဂျာအဲရစ်တန်ဟက်နဲ့ ပြဿနာဖြစ်ခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ရော်နယ်ဒိုကိုခေါ်ယူခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ရော်နယ်ဒိုက ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာပါပါတယ်။ ကျွန်တော်သူနဲ့ တွဲကစားခဲ့ဖူးပါတယ်။ သူဂျူဗင်တပ်စ်ကနေ ထွက်တော့မယ်လို့ သတင်းကြားချိန်မှာ မန်စီးတီးက သူ့ကိုကမ်းလှမ်းမှုတွေပြုလုပ်လာပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချိန်မှာ သူ့ကို မန်စီးတီးဆီကိုတော့ မရောက်စေချင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူသာမန်စီးတီးရောက်သွားရင် အာလင်းဟာလန်းထက် ဂိုးပိုသွင်းနိုင်လို့ပါ။ ဒါကြောင့် သူနဲ့စကားပြောခဲ့ပြီး ရအောင်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုခေါ်လိုက်တော့ အသင်းရဲ့အဝတ်လဲခန်းထဲမှာ တော်တော်လေးသက်ရောက်မှုရှိခဲ့ပြီး သူ့ရဲ့အရှိန်အဝါကြောင့် အခြားကစားသမားတွေက ကိုယ့်ကိုယ်ကိုယ်အရေးပါတယ်ဆိုတဲ့ ယုံကြည်မှုမရှိကြတော့ပါဘူး။ ရော်နယ်ဒိုကတော့ ပုံမှန်အတိုင်းပဲ အကောင်းဆုံးလုပ်ခဲ့ပြီး ဂိုးတွေသွင်းပြီး ၂၄ ဂိုးလားမသိဘူး သွင်းနိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုထွက်ခွာသွားပြီးနောက်မှာ ဆိုးလ်ရှားဟာ ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်နည်းပြဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရာထူးမှထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဂန္ထဝင်ကစားသမားဟောင်းဟာ ၂၀၂၁ ခုနှစ်နိုဝင်ဘာလမှာ ထုတ်ပယ်ခံခဲ့ရပြီး နည်းစနစ်ဆရာကြီး ရက်ဖ်ရင်းနစ်နဲ့ အစားထိုးခံခဲ့ရပါတယ်။
ယာယီနည်းပြ ရင်းနစ်အပြီး ယူနိုက်တက်ကို ဆက်လက်တာဝန်ယူခဲ့တဲ့ တန်ဟက်လက်ထက်မှာတော့ ရော်နယ်ဒိုလည်း အသင်းမှာဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ဆော်ဒီကလပ် အယ်လ်နာဆာသို့ တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းတန်ကြေးရှိစာချုပ်နဲ့အတူ ပြောင်းရွှေ့ခဲ့ပါတယ်။
Source : footballtransfers.com
#xda77 #xda77digital #အိုလေဂန်နာဆိုးလ်ရှား #ခရစ္စတီယာနိုရော်နယ်ဒို #မန်ချက်စတာယူနိုက်