မန်ယူမှာ ဆက်နေချင်တဲ့ အရိပ်အမြွက်ကိုပြသလိုက်တဲ့ မိုက်ကယ် ကာရစ်

မန်ယူမှာ ဆက်နေချင်တဲ့ အရိပ်အမြွက်ကိုပြသလိုက်တဲ့ မိုက်ကယ် ကာရစ်

ဒီမှာတင် ကျွန်တော် အိမ်မှာရှိနေသလို ခံစားရတယ်

မိုက်ကယ် ကာရစ်က မန်ယူမှာ ဆက်နေချင်တယ်လို့ အရိပ်အမြွက် ပြောလိုက်ပါတယ်။ ရာသီကုန်အထိထက် ပိုပြီး မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြချုပ်အဖြစ် ဆက်ရှိနေဖို့ စိတ်အားထက်သန်နေတယ်ဆိုတဲ့ ပထမဆုံး အရိပ်အမြွက်ကို မိုက်ကယ် ကာရစ်က ပြသလိုက်တာပါ။

ဇန်နဝါရီ ၁၃ ရက်မှာ ရူဘင် အမော်ရင်ရဲ့ ယာယီဆက်ခံသူအဖြစ် ခန့်အပ်ခံရပြီးကတည်းက အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုတာမျိုးကို ကာရစ်က ရှောင်ကြဉ်ခဲ့ပါတယ်။ အမော်ရင်နဲ့မတူဘဲ ကာရစ်က သတင်းခေါင်းကြီးပိုင်းမှာပါဖို့ ကြိုးစားတာမျိုး ဒါမှမဟုတ် သူ့ရဲ့အထက်လူကြီးတွေက အတွင်းရေးအနေနဲ့ပဲ ထားစေချင်တဲ့ ကိစ္စတွေကို မီဒီယာတွေနဲ့ ဆွေးနွေးတာမျိုး မလုပ်တတ်ပါဘူး။ ဒါကြောင့်မို့လို့ ယူနိုက်တက်ရဲ့ နွေရာသီ အစီအစဉ်တွေမှာ သူ ဘယ်လောက်အထိ ပါဝင်ပတ်သက်မလဲဆိုတဲ့ မေးခွန်းအပေါ် ကာရစ်ရဲ့ အဖြေက အရေးပါလာပုံရပါတယ်။

“အမှန်အတိုင်းပြောရရင် ဘာမှ မပြောင်းလဲသေးပါဘူး” လို့ သူက ပြောပါတယ်။ “ဒီမှာ ကျွန်တော် လုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍနဲ့ ကျွန်တော့်မှာရှိတဲ့ တာဝန်ယူမှုကို အပြည့်အဝ နားလည်ပါတယ်။ ကျွန်တော်တို့ အောင်မြင်ချင်တယ်၊ ဒီရာသီကုန်ပြီးတဲ့နောက်မှာလည်း ကလပ်အသင်းကို အောင်မြင်စေချင်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ရှိနေသည်ဖြစ်စေ၊ တခြားသူတစ်ယောက် ရှိနေသည်ဖြစ်စေပေါ့။ လက်ရှိအချိန်မှာတော့ ဒါကို ကျွန်တော် မထိန်းချုပ်နိုင်ပါဘူး၊ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ အသင်းတိုးတက်အောင်နဲ့ မန်ချက်စတာယူနိုက်တက်ကို ပိုသန်မာလာအောင် လုပ်ဖို့ပဲ အဓိကထားပါတယ်။ အချိန်တိုအတွင်း ရလဒ်တွေကြောင့် ဒါက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အကယ်၍ ရလဒ်တွေကြောင့် ပြောင်းလဲသွားတယ်ဆိုရင် တစ်ခုခု မှားနေလို့ပါပဲ။ တအားကောင်းနေလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖြေရှင်းရမဲ့ ပြဿနာတချို့ ရှိနေလို့ပဲဖြစ်ဖြစ် ချက်ချင်းကြီး ဆုံးဖြတ်ချက်ချတာမျိုး မဖြစ်သင့်ပါဘူး။”

ပြီးခဲ့တဲ့လက ယာယီနည်းပြ ဒါရင် ဖလက်ချာဆီကနေ အသင်းကို လွှဲပြောင်းရယူပြီးကတည်းက ယူနိုက်တက်က ၃ ပွဲဆက်တိုက် နိုင်ပွဲရထားပါတယ်။ ဒီရလဒ်တွေ ဆက်ကောင်းနေရင် ဘာဖြစ်မလဲဆိုတဲ့ အမြင်ကို မေးတဲ့အခါမှာတော့ ကာရစ်က ကြားနေသဘောမျိုးပဲ တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော် လုပ်နေရတဲ့ အလုပ်ကို သဘောကျပါတယ်။ ဒီမှာ ရှိနေရတာကို ပျော်ပါတယ်။ ဒီမှာတင် အိမ်မှာရှိနေသလို ခံစားရပေမဲ့ အခြေအနေကိုတော့ အပြည့်အဝ နားလည်ပါတယ်။ ဒါကြောင့် အရမ်းကြီးတော့ စိတ်မလောပါဘူး” လို့ သူက ဆိုပါတယ်။

အမော်ရင်ရဲ့ နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့သူကို ရှာဖွေဖို့ ယူနိုက်တက်ဘက်က အချိန်ယူသွားမှာပါ။ ဒါပေမဲ့ နည်းပြခန့်အပ်မှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ သတင်းမြစ်တစ်ခုက BBC Sport ကို ပြောကြားချက်အရ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ကမ္ဘာ့ဖလားနည်းပြတစ်ဦးနဲ့ စာချုပ်ချုပ်တာဟာ အကြောင်းပြချက် အမျိုးမျိုးကြောင့် “ကြီးမားတဲ့ စွန့်စားမှု” ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့လက အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ရရှိခဲ့တဲ့ ပေါင်နောက်ကြောဒဏ်ရာကြောင့် ဒိန်းမတ်လက်ရွေးစင် ပက်ထရစ် ဒေါ်ဂူအနေနဲ့ ၁၀ ပတ်လောက် အနားယူရနိုင်တယ်လို့ ကာရစ်က အတည်ပြုခဲ့ပါတယ်။ အင်္ဂလန်နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း စတိဗ် ဟော်လန်ကို ယူနိုက်တက်ကို ခေါ်ယူနိုင်ခဲ့တာက သူ့ရဲ့ညီ ဂရေဟမ် ကာရစ်နဲ့ စတိဗ် ဟော်လန်တို့ကြား FA မှာ ပတ်သက်မှုရှိခဲ့တာကြောင့်ဖြစ်ကြောင်းလည်း ကာရစ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟော်လန်နဲ့အတူ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျိုနသန် ဝုဒ်ဂိတ်၊ ယူနိုက်တက် နောက်ခံလူဟောင်း ဂျော်နီ အီဗန်စ်နဲ့ ယူ-၂၁ နည်းပြ ထရာဗစ် ဘင်နီယွန်တို့ ပါဝင်တဲ့ နည်းပြအဖွဲ့သစ်ကို ခန့်အပ်နိုင်ခဲ့တာက တကယ့်ကို ထက်မြက်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် ရှုမြင်ခံနေရပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်ကျော်က စတော့ပို့တ်မှာ မွေးဖွားတဲ့ ဟော်လန်က ဂါရတ် ဆောက်ဂိတ်နဲ့အတူ အင်္ဂလန် ယူ-၂၁ အသင်းမှာ စတင်လက်တွဲခဲ့တဲ့ အချိန်တဝိုက်မှာပဲ ဂရေဟမ် ကာရစ်ကလည်း St George’s Park မှာ လူငယ်ကစားသမား ဖွံ့ဖြိုးရေးပိုင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

“ဆွေးနွေးမှုတွေ လုပ်နေတဲ့အချိန်မှာ ကျွန်တော် ဒီကို ရောက်လာဖို့ ရှိတယ်ဆိုတာသိရတော့ ကျွန်တော့်ညီနဲ့ စကားပြောဖြစ်ပြီး စတိဗ်အကြောင်းကို ပြောဖြစ်ခဲ့တာပါ။ သူက စတိဗ်ကို FA ကနေ သိထားတာဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း စတိဗ်နဲ့ အကြိမ်ပေါင်းများစွာ ဆုံဖူးပါတယ်။ သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကို ကျွန်တော် အပြည့်အဝ သိထားပြီးသားမို့လို့ ကျွန်တော်တို့ တန်းပြီး အဆင်ပြေသွားတာပါ။ သူက ယူနိုက်တက် ပရိသတ်အစစ်အမှန်အဖြစ် ကြီးပြင်းလာသူဖြစ်တာက အစပိုင်းမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးမှာ အောင်မြင်မှုတွေ ရခဲ့တာ၊ ကွဲပြားတဲ့ ပုံစံတွေ၊ ကွဲပြားတဲ့ နည်းပြတွေနဲ့ ကစားသမားတွေနဲ့အတူ ဆုဖလားတွေရအောင် ဘာတွေလိုအပ်လဲဆိုတာကို သူ ကောင်းကောင်းသိထားပါတယ်” လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *