မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် မိုက်ကယ်ကာရစ်ဟာ အသင်းရဲ့ယခင်နည်းပြ ရူဘင်အာမိုရင် လက်ထက်က တင်းကျပ်စွာ ချမှတ်ထားခဲ့တဲ့ စည်းကမ်းတစ်ခုကို အပြတ်အသတ် ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။
အဲ့ဒီစည်းကမ်းကတော့ ဘောလုံးရာသီအတွင်းမှာ ကစားသမားတွေကို အပြင်ပန်းအနားယူခွင့် လုံးဝမပေးဖို့ သတ်မှတ်ထားတာဖြစ်ပြီး၊ အရင်က မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ အာမိုရင်က စတင်ကျင့်သုံးခဲ့တာပါ။
ဒါပေမဲ့ Manchester Evening News ရဲ့ ဖော်ပြချက်အရ နည်းပြ မိုက်ကယ်ကာရစ်ကတော့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုလန်းဆန်း တက်ကြွလာစေဖို့ ရည်ရွယ်ပြီး ဒီတင်းကျပ်တဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်လိုက်တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပြီးခဲ့တဲ့အပတ်မှာပဲ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီကို ပြန်လည်အနားယူခွင့် ရရှိခဲ့ပါတယ်။ ၎င်းကို Pacos de Ferreira နဲ့ Torreense တို့ရဲ့ ပွဲစဉ်မှာ ပရိသတ်တွေက တွေ့ရှိခဲ့ကြတာပါ။
ဒါ့အပြင် အသင်းဖော် ဆန်နီလမ်မန်းစ်ကလည်း ရရှိလာတဲ့ အားလပ်ရက်အတွင်းမှာ သူ့ရဲ့အသင်းဟောင်း ရွိုင်ယယ်အန့်တ်ဝပ်ဆီကို သွားရောက်လည်ပတ်ခဲ့ကြောင်း သိရပါတယ်။ ကာရစ်ရဲ့ အခုလို ကစားသမားတွေအပေါ် နားလည်မှုရှိရှိ အနားယူခွင့်ပေးလိုက်တဲ့ လုပ်ရပ်ကြောင့် မန်ချက်စတာယူနိုက်တက် အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေအကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ သိသိသာသာ မြင့်တက်လာပြီး ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။
Source : https://www.mirror.co.uk/




