ဘင်ဖီကာနဲ့ ပေါ်တိုတို့ ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပေါ်တိုနည်းပြ လူချို ဂွန်ဇာလက်ဇ်က သူ့ကို “သစ္စာဖောက်” လို့ အကြိမ် ၅၀ မက အော်ဟစ်ဆဲဆိုခဲ့တဲ့အပေါ် ဟိုဆေး မော်ရင်ညိုက ဒေါသထွက်နေပါတယ်။
အရင်က ပေါ်တိုအသင်းကို နည်းပြခဲ့ဖူးတဲ့ မော်ရင်ညိုဟာ အခုတော့ သူ့ရဲ့ဇာတိ ပေါ်တူဂီက ဘင်ဖီကာအသင်းကို တာဝန်ယူနေတာပါ။ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ သူ့ရဲ့အသင်းဟောင်းနဲ့ပွဲမှာ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပါတယ်။
ဒါပေမဲ့ ပွဲဒုတိယပိုင်းမှာ မော်ရင်ညို အနီကတ်ပြခံခဲ့ရတာက ပွဲကို အရိပ်မည်းမိုးသွားစေခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်အသင်းရဲ့ လူစားလဲခုံဘက်ကို ဘောလုံးနဲ့ကန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အထုတ်ခံခဲ့ရတာပါ။
ဒါ့အပြင် ဂွန်ဇာလက်ဇ်က သူ့ကို သစ္စာဖောက်လို့ပါ စွပ်စွဲခဲ့တာကြောင့် ပွဲအပြီးမှာ မော်ရင်ညိုက အခြေအနေမှန်ကို ပြန်ရှင်းပြခဲ့ပါတယ်။
“အထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်၊ အထုတ်ခံလိုက်ရတဲ့ ပေါ်တိုအသင်းက လူတစ်ယောက်ဟာ အဝတ်လဲခန်းထဲသွားတဲ့လိုဏ်ခေါင်းထဲမှာ ကျွန်တော့်ကို သစ္စာဖောက်လို့ အကြိမ် ၅၀ လောက် အော်ခဲ့ပါတယ်။ ကျွန်တော် သိချင်တာက ဘာကို သစ္စာဖောက်တာလဲ ဆိုတာပါပဲ” လို့ မော်ရင်ညိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကျွန်တော် ပေါ်တိုမှာ ရှိတုန်းက ပေါ်တိုအတွက် အားသွန်ခွန်စိုက် လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ် မက်ဒရစ်၊ ဖီနာဘာချီ စတဲ့အသင်းတွေကို ပြောင်းခဲ့ပြီး အခြေအနေတွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျွန်တော် ရောက်တဲ့နေရာတိုင်းမှာ ကိုယ့်ရဲ့ ဘဝနဲ့စိတ်ဝိညာဉ်ကို ပေးဆပ်ပြီး နေ့တိုင်းကြိုးစားခဲ့ပါတယ်။ ဒါဟာ ပရော်ဖက်ရှင်နယ် ဆန်တာပါပဲ။ ပရိသတ်တွေရဲ့ ဆဲဆိုမှုက တစ်ပိုင်းပေါ့၊ ဒါက ဘောလုံးပဲလေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီပရိသတ်တွေပဲ ကျွန်တော့်ခြေထောက်အောက်မှာ ဝပ်တွားခဲ့ကြပြီး မြို့ထဲတောင် လမ်းလျှောက်လို့ မရအောင် ဝိုင်းခဲ့ကြတာပါ။ အခု သူတို့ ဆဲကြတယ်၊ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းက သစ္စာဖောက်လို့ ခေါ်တာလား။ ဘာကို သစ္စာဖောက်တာလဲ။ ဘင်ဖီကာအတွက် အစွမ်းကုန် ကြိုးစားပေးနေတာကိုလား” လို့ သူက ဆက်ပြောပါတယ်။
“တကယ်လို့ မနက်ဖြန်မှာ ဘင်ဖီကာကနေ ထွက်ပြီး တခြားကိုပြောင်းရင်လည်း ကျွန်တော် ဒီလိုပဲအစွမ်းကုန် လုပ်မှာပါ။ ဘာကို သစ္စာဖောက်တာလဲဆိုတာ ကျွန်တော် သဘောမကျဘူး။ ကျွန်တော် အနီကတ်ပြခံရတာ မှားယွင်းနေပါတယ်။ စတုတ္ထဒိုင်က တစ်ပွဲလုံး အမှားတွေလုပ်ခဲ့သလို ဒိုင်လူကြီးကို သွားပြောတဲ့အချိန်မှာလည်း သူက ဆက်မှားနေတုန်းပါပဲ”။
ဒါ့အပြင် ပေါ်တို၊ မာဆေးလ်နဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဂွန်ဇာလက်ဇ်ဟာ ဒီစကားကို အကြိမ်ကြိမ် အခါခါ ပြောခဲ့တယ်လို့ မော်ရင်ညိုက အခိုင်အမာ ဆိုပါတယ်။
“တစ်ခါတည်း မဟုတ်ပါဘူး၊ အကြိမ် ၂၀၊ ၃၀ လောက် ရှိပါတယ်။ သူ မာဆေးလ်ကို ပြောင်းသွားတုန်းကကော သစ္စာဖောက် ဖြစ်သွားတာလား။ ဘာကို သစ္စာဖောက်တာလဲ။ သူ ကျွန်တော့်ကို တခြားနည်းနဲ့ ဆဲမယ်ဆိုရင်တောင် ကျွန်တော် လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ အခုက ကျွန်တော် တန်ဖိုးအထားဆုံး ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် လုပ်ရပ်ကို တိုက်ခိုက်တာပါ။”
“ကျွန်တော်တို့ ဘယ်နေရာရောက်ရောက် အစွမ်းကုန် လုပ်ကြတာပဲ။ သူကလည်း ကျွန်တော့်လိုပဲ အသင်းပေါင်းစုံမှာ ကစားခဲ့ဖူးတဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်နေလို့ ကျွန်တော် ပိုပြီး စိတ်ပျက်မိပါတယ်။ ဒီ သစ္စာဖောက် ဆိုတဲ့ စကားကို ကျွန်တော် နားမလည်နိုင်ဘူး” လို့ အသက် ၆၃ နှစ်အရွယ် နည်းပြက ပြောပါတယ်။
အနီကတ်ပြခံရတဲ့အပေါ်မှာလည်း မော်ရင်ညိုက သူ အပြစ်မရှိကြောင်း ခုခံပြောဆိုခဲ့ပါတယ်။ သူဟာ အနီကတ်နဲ့ မစိမ်းတဲ့သူ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မမျှတဘူးလို့ ယူဆနေပါတယ်။
“အထုတ်ခံရတဲ့အပေါ် နှစ်ချက် ပြောချင်ပါတယ်။ ဒိုင်လူကြီးက ကျွန်တော်ဟာ ပေါ်တိုအသင်းရဲ့ လူစားလဲခုံဘက်ကို ဘောလုံးနဲ့ ကန်တယ်ဆိုပြီး ထုတ်လိုက်တာပါ။ ဒါက လုံးဝ မဟုတ်ပါဘူး။”
“ကျွန်တော် လုဇ် အားကစားကွင်းမှာ ဂိုးရတဲ့အခါတိုင်း ပရိသတ်တွေဆီကို ဘောလုံးကန်ပေးပြီး အောင်ပွဲခံလေ့ ရှိပါတယ်။ ၄၊ ၅ ကြိမ်လောက် ရှိပါပြီ။ ကျွန်တော်က ဘောလုံးကန်တဲ့ နည်းစနစ်မှာ သိပ်မတော်တာမှန်ပေမဲ့ အဲ့ဒီဘောလုံးက ပရိသတ်တွေဆီကိုပဲ ရည်ရွယ်ပြီးကန်ခဲ့တာပါ” လို့ သူက ရှင်းပြသွားပါတယ်။
Source : https://www.dailymail.co.uk/




