ရှေးခေတ် တာအိုကျမ်းဂန်မှ ဇာတ်ကောင်ကို အခြေခံထားသည့် တရုတ်ကာတွန်းရုပ်ရှင် ( Ne Zha 2 ) သည် သမိုင်းတစ်လျှောက် အင်္ဂလိပ်မဟုတ်သည့် ဝင်ငွေအကောင်းဆုံးကာတွန်းရုပ်ရှင်အပြင် အခြားစံချိန်များစွာကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

(၂၀၁၉) ခုနှစ်တွင်ထွက်ရှိခဲ့သော Ne Zha ဇာတ်ကား၏ အဆက်ဖြစ်သော (Ne Zha 2) ရုပ်ရှင်သည် ထွက်ရှိပြီးနောက် ဒုတိယသီတင်းပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၉) ဘီလျံ ကျော်သွားခဲ့ကြောင်း သိရသည်။
ရုံတင်ဝင်ငွေအပေါ်အခြေခံပြီး သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ Avatar ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၉၂၃) ဘီလျံရရှိခဲ့သည်။
ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ Avengers: Endgame ဇာတ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၇၉၇) ဘီလျံရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် တစ်ကမ္ဘာလုံးတွင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂) ဘီလျံကျော်သွားခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ စုစုပေါင်း(၆)ကားသာရှိသေးသည်။
(Ne Zha 2) ကာတွန်းရုပ်ရှင်သည် မကောင်းမှု၏စွမ်းအားများကို ကိုယ်စားပြုသည့်နဂါးများကို တိုက်ခိုက်သည့်ယောကျာ်းလေး နတ်ဘုရားအကြောင်း ဖန်တီးရိုက်ကူးထားသည့်ဇာတ်ကားတစ်ကားဖြစ်ပြီး အင်္ဂလိပ်မဟုတ်သည့် ဝင်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်ဖြစ်လာခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် (Ne Zha 2) ကာ တွန်းရုပ်ရှင်သည် Inside Out 2 ကာတွန်းကား၏ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆၉၉)ဘီလျံကို ကျော်တက်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ငွေကြေးအရ အအောင်မြင်ဆုံး ကာတွန်းရုပ်ရှင်အဖြစ် ခေါင်းစဉ်ကို ရယူသွားခဲ့ခြင်းဖြစ်သည်။
Source : variety.com