ရီးရဲလ်မက်ဒရစ် ၊ ဒေါ့မွန် နှင့် အင်တာမီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း အာချရက်ဖ် ဟာကီမီ က ပါရီ ဆင်ခြေဖုံးမြို့ဖြစ်တဲ့ နန်တဲရ်မြို့ရှိ အစိုးရရှေ့နေများရုံးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခြင်းကို ခံထားရပါတယ်။ ပီအက်စ်ဂျီ ညာနောက်ခံကစားသမားတော့ မည်သည့်မှားယွင်းမှုမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။
အသက် ၂၆ နှစ်အရွယ် ဟာကီမီဟာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရပြီး Le Parisien က ဖော်ပြခဲ့ကာ Marca က ပြန်လည်ပြောပြခဲ့ပါတယ်။ ထိုအချိန်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မော်ရိုကို လက်ရွေးစင်ရဲ့ နေအိမ်သို့ သွားရောက်ခဲ့ရာ မလိုမတူဘဲ သူမရဲ့ နှုတ်ခမ်းမှ ရင်ဘတ်အထိ ထိတွေ့နမ်းရှုံ့ခြင်းများ စတင်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားပါတယ်။
အဆိုပါ အမျိုးသမီးက ဟာကီမီကို ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း သူက ဆက်လက်ထိတွေ့နေခဲ့ပြီး သူမကို ဖက်တွယ်ထားခဲ့တယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်းတွင် သူမက ခြေထောက်ဖြင့် တွန်းထုတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြောဆိုကာ စွပ်စွဲထားပါတယ်။ ဟာကီမီက မည်သည့် မှားယွင်းမှုမှ မရှိကြောင်း ငြင်းဆိုထားပြီး ဒါဟာ ပိုက်ဆံရလိုသော ရည်ရွယ်ချက်ဖြင့် ထိုအမျိုးသမီးရဲ့ ပစ်မှတ်ထားခြင်းကို ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။
“တကယ်တော့ အောင်မြင်နေတဲ့အချိန်၊ အရာအားလုံး ကောင်းမွန်နေတဲ့အချိန်မှာ တချို့လူတွေအတွက် လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒါက ကိုယ့်ပတ်ဝန်းကျင်က လူအများကြီးကို မယုံကြည်သင့်ဘူးဆိုတာ ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်”
“သူတို့က ကျွန်တော့်ကို ငွေညှစ်ချင်ခဲ့ကြတာ၊ ဒါကြောင့် ကျွန်တော်တို့ တိုင်ကြားခဲ့ပါတယ်။ တရားရေးစနစ်က အခြေအနေတွေကို ကောင်းကောင်း ကိုင်တွယ်ခဲ့ပါတယ်” လို့ သူက မှတ်ချက်ပြုခဲ့ပြီး သူ့ရဲ့ရှေ့နေများက ငွေညှစ်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်ထားဆဲဖြစ်ပါတယ်။
အမှုမှာ လူသိရှင်ကြား ဖြစ်လာပြီးနောက် ဟာကီမီရဲ့ ဇနီးဟောင်း ဟီဘာ အဘူက ၎င်းတို့ ကွာရှင်းပြတ်စဲကြောင်း ကြေညာခဲ့ပါတယ်။ မင်းသမီးနှင့် ကလေးနှစ်ဦးရဲ့ မိခင်က မကြာမီတွင် ကွာရှင်းရန်တရားစွဲဆိုခဲ့ပြီး အဆိုပါအမှုကိစ္စကို ၎င်းတို့ လမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းရင်းအဖြစ် ထောက်ပြခဲ့ပါတယ်။
“ကျွန်မက အမြဲတမ်း မတရားခံရတဲ့သူတွေဘက်က ရပ်တည်ခဲ့ပြီး အမြဲတမ်းရပ်တည်နေမှာပါ” လို့ သူမက မှတ်ချက်ပြုခဲ့ပြီး စွပ်စွဲခံရသူရဲ့ ထွက်ဆိုချက်အရ ဟာကီမီဟာ သူမနှင့် တစ်လခန့် စကားပြောဆိုခဲ့ကြောင်း သတိပြုခဲ့ပါတယ်။ အဘူက ပြင်သစ်တရားစီရင်ရေးစနစ်ဟာ ဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းပေးမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Source : sports.yahoo.com