ယူနိုက်တက်အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိနေဆဲဖြစ်တဲ့ အာမိုရင်

ယူနိုက်တက်အသင်းပိုင်ရှင်ထောက်ခံမှုကို ရရှိနေဆဲဖြစ်တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်နည်းပြ ရူဘင်အာမိုရင်ဟာ ကြာသပတေးနေ့နံနက်က ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကို အံ့အားသင့်ဖွယ် ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမဲ့ အသင်းပိုင်ရှင်တွေရဲ့ထောက်ခံမှုကို ရရှိနေဆဲဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂရင်းစ်ဘီတောင်းကို သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျခဲ့ပြီး ပင်နယ်တီရောက်မှ ၁၂-၁၁ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ လိဂ်(၂) ကလပ်ကို နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပြီး ဦးဆောင်ဂိုး ၂ ဂိုးအထိ ပထမပိုင်းအတွင်း ခွင့်ပြုခဲ့ရပါတယ်။

ယခု ၂၀၂၅-၂၆ ရာသီအတွင်းယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၃ ပွဲအထိကစားထားပြီဖြစ်ပေမဲ့ နိုင်ပွဲမရရှိသေးသလို၊ သိသာတဲ့ခြေစွမ်းပိုင်းတိုးတက်မှုကိုလည်း ပြသနိုင်ခြင်းမရှိသေးတာကြောင့် အာမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ BBC သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းပိုင်ရှင်တွေဟာ ပေါ်တူဂီသားနည်းပြကို ယုံကြည်ထောက်ခံနေဆဲဖြစ်ပြီး ရာထူးကနေထုတ်ပယ်မှာမဟုတ်ဘဲ ရေရှည်စီမံကိန်းတွေအတွက် အသင်းမှာဆက်လက်ထားရှိဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ပေါင်သန်း ၂၀၀ ကျော်အထိအသုံးပြုပြီး မားသီးယက်စ်ကွန်ဟာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကိုခေါ်ယူအားဖြည့်ထားပေမဲ့ ကစားပုံကတော့ သိသိသာသာတိုးတက်လာခြင်းမရှိဘဲ တိုက်စစ်ပိုင်းက ဂိုးရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။

လာမဲ့ စနေနေ့မှာတော့ ယူနိုက်တက်ဟာ တတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ အသင်းအတွက် ယခုရာသီပထမဆုံးနိုင်ပွဲကို စတင်ဖော်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *