ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့အတူ ဆက်လက်လက်တွဲသွားရမဲ့ ကစားသမားအမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

The Athletic သတင်းဌာနရဲ့အဆိုအရ အာမိုရင်ဟာ လက်ရှိယူနိုက်တက်ကစားသမားတွေထဲမှ သူနဲ့ဆက်လက် လက်တွဲနိုင်မဲ့သူတွေကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အာမိုရင်က အသင်းရဲ့ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေထံမှ ထောက်ခံမှုမရရှိပါက အိုးလ်ထရက်ဖို့ဒ်မှ လျော်ကြေးမယူဘဲ ထွက်ခွာသွားမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။

သတင်းအရ အာမိုရင်ဟာ ဂါနာချိုကိုလည်း အသင်းမှာ ဆက်လက်အသုံးပြုဖို့ အလိုမရှိတာကြောင့် အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အာဂျင်တီးနားသားဟာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်ခွင့်မရဘဲ လူစားဝင်ကစားသမားအဖြစ် မိနစ် ၂၀ ခန့်သာပါဝင်ခဲ့ရတဲ့အပေါ် ကျေနပ်မှုမရှိကြောင်း သိသိသာသာဖော်ပြထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် အာမိုရင်အနေနဲ့ ဂါနာချိုကို အသင်းမှာဆက်လက် ထိန်းသိမ်းဖို့အတွက် စိတ်ဝင်စာခြင်းမရှိတော့ဘူးလို့သိရပါတယ်။ ဂါနာချိုအပြင် ကွင်းလယ်လူ ကိုဘီမိုင်နူးကလည်း လာမဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ချေရှိတယ်လို့သိရပါတယ်။ အာမိုရင်နဲ့ ဂါနာချိုတို့ဟာ ဖေဖော်ဝါရီလက အစ်ဆွစ်ချ်တောင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း လူစားလဲမှုနဲ့ပတ်သက်ပြီး အဖုအထစ်တွေရှိထားခဲ့ကြတာဖြစ်ပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်အကယ်ဒီမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ ပထမဆုံးအကြိမ်စတင်ပွဲထွက်ခဲ့ကာ စုစုပေါင်း ၁၄၄ ပွဲအထွက် ကစားပြီး ၂၆ ဂိုးသွင်း ၂၂ ဂိုဖန်တီးပေးထားပါတယ်။

သတင်းတွေအရ အီတလီချန်ပီယံ နာပိုလီက ဂါနာချိုကို စိတ်ဝင်စားနေတယ်လို့သိရပြီး ချဲလ်ဆီးကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် အာဂျင်တီးနားသားကို ပရီးမီးယားလိဂ်မှာပဲ ဆက်လက်မြင်တွေ့ရမလား အီတလီမြေမှာပဲ မြင်တွေ့သွားရမလား မသေချာသေးပါဘူး။ တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲနဲ့ အဆုံးသတ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *