လိုင်ယွန်နဲ့သရေကျပြီးနောက် ယူနိုက်တက်ရဲ့ကစားသမား ၃ ယောက်ကို အာမိုရင်ချီးကျူး

ယူနိုက်တက်ရဲ့ကစားသမား ၃ ယောက်ကို အာမိုရင်ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လိုင်ယွန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမား ၃ ဦးကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အာမိုရင်က ရက်စ်မွတ်စ်ဟွိုက်လန်းဂျိုရှူးဝါးဇက်ခ်ဇီနဲ့ လန်နီယိုရိုတို့ကို ချီးကျူးခဲ့တာဖြစ်ပြီး ဇက်ခ်ဇီနဲ့ ယိုရိုတို့ကတော့ အသင်းအတွက် သွင်းဂိုးကိုယ်စီရယူပေးနိုင်ခဲ့ကြပါတယ်။ ဟွိုက်လန်းအနေနဲ့ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမဲ့ အာမိုရင်ကတော့ သူ့အနေနဲ့ ဒိန်းမတ်လက်ရွေးစင်ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ဆိုပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပေါ်တူဂီသားနည်းပြက “ယိုရိုက ဒီပွဲမှာ အရမ်းကောင်းခဲ့ပါတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်ရှိနေပုံပါ။ သူ့ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းကလည်း တိုးတက်လာပြီလို့ထင်ပါတယ်။ ရာသီကြိုပွဲစဉ်တွေမကစားခဲ့ရလို့ သူနည်းနည်းတော့ ရုန်းကန်ခဲ့ရပါတယ်။ ယိုရိုက ထိပ်တန်းကစားသမားတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

ဟွိုက်လန်းကို ဇက်ခ်ဇီနဲ့ ဘာကြောင့်လူစားလဲခဲ့တာလဲလို့ မေးမြန်းရာမှာ အာမိုရင်က “တစ်ခါတလေမှာ အရေးကြီးဆုံးကစားသမားတွေက အရန်ခုံမှာရှိနေတတ်ကြပါတယ်။ ပထမပိုင်းအတွင်းမှာ ဟွိုက်လန်းက မရပ်မနားကစားခဲ့ပြီး အသင်းကိုအကူအညီပေးနိုင်ခဲ့ပါတယ်။ ကွင်းအပြည့်ပတ်ပြေးနေပြီး တာဝန်ကျေခဲ့ပါတယ်”

ဇက်ခ်ဇီကတော့ သွင်းဂိုးရယူပေးနိုင်ခဲ့ပါတယ်။ သူကလည်း ကွင်းထဲကိုစဝင်ကတည်းက အတော်လေးခြေစွမ်းပြနိုင်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ယခုပွဲစဉ်မှာ အမှားတွေပြုလုပ်ခဲ့တဲ့ ဂိုးသမား အန်ဒရေအိုနာနာကိုလည်း အာမိုရင်က ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

အာမိုရင်က “ဒီလိုအမှားတွေကဖြစ်တတ်ပါတယ်။ ဘောလုံးပွဲတွေ ဆက်တိုက်ကစားနေရတဲ့ ကစားသမားတွေအတွက် ဒီလိုအမှားမျိုးက ပုံမှန်ပါပဲ။ ရာသီတစ်ခုလုံးစာခြုံကြည့်မယ်ဆိုရင် ကျွန်တော်လုပ်တဲ့အမှားက သူတို့ထက်ပိုများပါတယ်။ကျွန်တော်တို့ အာရုံစိုက်ဖို့လိုအပ်တာက ဒုတိယအကျော့မှာ အနိုင်ကစားဖို့ပါပဲ။ ကျွန်တော်ကတော့ အိုနာနာအပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Source : metro.co.uk

Leave a Reply

Your email address will not be published. Required fields are marked *