ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးချယ်ပွဲကတော့ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပါပြီ။ ဒီပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ဗီလာဂျိုနာကတော့ ဘိုင်ယန်မြူးနစ်ရဲ့ ထိပ်တန်းတိုက်စစ်မှူး ဟယ်ရီကိန်းကို နူးကမ့်ကွင်းဆီ အရောက်ခေါ်ဆောင်လာဖို့ ကြိုးစားနေတယ်လို့ လူသိရှင်ကြား ကြေညာလိုက်ပါတယ်။ ရှေ့လမှာကျင်းပတော့မဲ့ ရွေးကောက်ပွဲအတွက် ဗီလာဂျိုနာက သူ့ရဲ့ အစီအစဉ်တွေကို ဒီနေ့မှာပဲ တရားဝင် ချပြသွားခဲ့တာပါ။
စိတ်ဝင်စားဖို့ကောင်းတာက ဗီလာဂျိုနာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘာစီလိုနာအသင်းဂျာစီ ဝတ်ဆင်ထားတဲ့ ဟယ်ရီကိန်းရဲ့ ပုံရိပ်ကိုအသုံးပြုပြီး “ကျွန်တော်တို့ ဟယ်ရီကိန်းကို တကယ်ပဲ ခေါ်ယူသင့်သလား” ဆိုပြီး ပရိသတ်တွေကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းအမှုဆောင်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဗီလာဂျိုနာက ဒီအပြောင်းအရွှေ့အတွက် လက်တွေ့ကျကျ စတင်လုပ်ဆောင်နေပြီလို့ အတည်ပြု ပြောကြားထားပါတယ်။
သူ့ရဲ့မူဝါဒနဲ့ ပတ်သက်လို့တော့ ဗီလာဂျိုနာက “ကျွန်တော့်အတွက်တော့ လာမာစီယာ လူငယ်အကယ်ဒမီက အမြဲတမ်း ပထမဦးစားပေးပါပဲ။ ကျွန်တော်တို့ရဲ့ လူငယ်တွေ အရည်အချင်းပြနိုင်ဖို့ အခွင့်အရေး ဖန်တီးပေးတာက ပထမဆုံး လုပ်ရမယ့် အလုပ်ပါ” လို့ ဆိုပါတယ်။ ဒါပေမဲ့ အသင်းထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ မရှိတော့တဲ့ အခြေအနေမျိုးကျမှသာ ပြင်ပက ထိပ်တန်းကစားသမားတွေကို ရှာဖွေရမှာ ဖြစ်ပြီး၊ ဟယ်ရီကိန်းလို ဂိုးသွင်းအလွန်ကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူနိုင်ဖို့ အခုကတည်းက အလေးအနက်လုပ်ဆောင်နေတာဖြစ်တယ်လို့ ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။
Source : https://sports.yahoo.com/




