ပါချူကာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဗယ်လ်ဗာဒီကို မြင်ရတာဟာ အသင်းဖော်ဟောင်း ဂျရတ်ကိုပြန်မြင်ရသလိုပဲလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပထမဆုံး ၁၀ မိနစ်မှာတင် ၁၀ ယောက်တည်းကစားခဲ့ရပေမဲ့ ရီးရဲလ်အသင်းဟာ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဥရုဂွေးစတား ဗယ်လ်ဗာဒီက တတိယမြောက်အနိုင်သေချာစေမဲ့ဂိုးကို သွင်းယူနိုင်ခဲ့ကာ အလွန်ဆိုက ဗယ်လ်ဗာဒီရဲ့စွမ်းဆောင်ရည်ကို ဂျရတ်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။
“ကျွန်တော် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မျိုးကို ကစားသမားတော်တော်များများမှာ မမြင်ဖူးပါဘူး။ သူ့ကိုမြင်ရတာ ကျွန်တော့်အသင်းဖော်ဟောင်း ဂျရတ်ကိုတောင် ပြန်သတိရမိပါတယ်။ သူက နေရာစုံမှာကစားနိုင်သလို သူ့လိုကစားသမားမျိုးကိုနည်းပြခွင့်ရတာ အရမ်းပျော်မိပါတယ်။ နည်းပြတိုင်းက ဗယ်လ်ဗာဒီလိုကစားသမားမျိုးရှိချင်နေမှာပါ။ ဒီနေ့မတိုင်ခင် အရင်နေ့တုန်းက ဆိုးဝါးတဲ့အတွေ့အကြုံခံစားလိုက်ရပါတယ်။ အခုတော့ သူအောင်ပွဲခံနိုင်ခဲ့ပါပြီ”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး အလွန်ဆိုက ဘာပေရဲ့ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “၃ ဂိုးဖြစ်လာလို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရေသောက်နားချိန်မှာ အဲ့အကြောင်းပြောဖြစ်ပါတယ်။
သူတို့မှာလည်း အရည်အချင်းရှိသလို အဆုံးသတ်ပိုင်းလည်းကောင်းပါတယ်။ အဲ့တာ ကျွန်တော်တို့အတွက် ခက်ခဲစေပါတယ်။ ၇ မိနစ်လောက်ကတည်းက ၁ ယောက်လျော့ခဲ့တာပါ။ အသင်းက စည်းကမ်းပိုင်းဆိုင်ရာကော စွန့်လွှတ်အနစ်နာခံမှုကော ပြသနိုင်ခဲ့ပါတယ်။ ဘောလုံးမရှိချိန်မှာ ပွဲကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိသလို ဘောလုံးရှိချိန်မှာလည်း ဘယ်လိုတိုက်စစ်ဆင်ရမလဲဆိုတာကို သိခဲ့ပါတယ်”လို့ အလွန်ဆိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။မက်ဒရစ်ဟာ လာမဲ့ဇွန်လ ၂၇ ရက်နေ့မှာ ဆဲလ်ဘတ်ဂျ်အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့် နောက်ဆုံးပွဲကန်ရမှာဖြစ်ပါတယ်။