ယူနိုက်တက် ဂိုးသမားဟောင်း အက်ဒ်ဝင် ဗန်ဒါဆား က အိုနာနာ အနေနဲ့ အိုးထရက်ဖို့ဒ်တွင် အောင်မြင်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ အိုနာနာ ကို အဲရစ်တန်ဟက် က ၂၀၂၃ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး ယူနိုက်တက်တွင် ခက်ခဲသော နှစ်အနည်းငယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အင်္ဂလန်ရှိ သူ့ရဲ့ ၂ ရာသီက အမှားများဖြင့် ပြည့်နှက်ခဲ့ပြီး ရူဘင်အမ်မိုရင်က ယူနိုက်တက် ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ လိုင်ယွန် နှင့်ပွဲတွင် ကြီးမားသော အမှားနှစ်ခု ပြုလုပ်ပြီးနောက် ဧပြီလတွင် နယူးကာဆယ်သို့ သွားမည့် အသင်းလူစာရင်းမှ သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။
အမ်မိုရင်က အိုနာနာ နှင့် ယှဉ်ပြိုင်ရန် ဂိုးသမားအသစ်တစ်ဦးကို ယခုနွေရာသီတွင် ခေါ်ယူလိုသော်လည်း သူ့အနေနဲ့ ကလပ်မှ ထွက်ခွာနိုင်တယ်ဆိုတဲ့ ကောလာဟလများမှာ ပျောက်ကွယ်သွားခြင်း မရှိသေးပါဘူး။ ဗန်ဒါဆား ကို အိုးထရက်ဖို့ဒ်က ဂိုးသမားအခြေအနေနှင့်ပတ်သက်၍ အတွေးအမြင်များကိုမေးမြန်းခဲ့ရာ အိုနာနာက ယူနိုက်တက်တွင် ဆက်လက်ရှိနေမယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
“သူ့ကို ကျွန်တော် အကြာကြီးသိခဲ့တာပါ။ သူက အိုင်းယတ်စ် မှာ လေးနှစ်၊ ငါးနှစ် နေခဲ့ပါတယ်။ ကျွန်တော် သူ့နဲ့အတူလေ့ကျင့်ခဲ့ပြီး သူ ဘယ်လို တိုးတက်လာလဲဆိုတာ မြင်ခဲ့ရပါတယ်”
“သူ့မှာ ကြီးမားတဲ့ အားသာချက်တွေရှိတယ်။ သူက ကြံ့ခိုင်တယ်။ တုံ့ပြန်မှု ကာကွယ်မှုတွေကောင်းတယ်။ ခြေထောက်နဲ့ ဘောလုံးကစားရမှာ ကောင်းတယ်။ အရာအားလုံးကောင်းပါတယ်။ သူ အဲဒါကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“တစ်ခါတလေကျတော့ မလွယ်ဘူး။ တစ်ခါတလေ ကိုယ်ရဲ့ စွမ်းဆောင်ရည်တွေ ဒါမှမဟုတ် ဖိအားတွေ ရှိတတ်တယ်။ ဒါပေမဲ့ သူ့ကို အေဂျက်စ်အတွက် ကစားတာမြင်ခဲ့ဖူးသလို အင်တာနဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာ ကစားတာ မြင်ခဲ့ဖူးပါတယ်။ နောက်ရာသီအတွက် သူအဆင်ပြေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
အိုနာနာကို ယခုနွေရာသီတွင် မရောင်းချခဲ့ပါကလည်း ယူနိုက်တက် ရဲ့ ဂိုးသမားဌာနကို အပြောင်းအလဲ ပြုလုပ်ရန် မျှော်လင့်ရပါတယ်။ အယ်လ်တေး ဘိုင်ရင်ဒါက ပုံမှန်ကစားခွင့်ရရှိရန် ထွက်ခွာနိုင်ဖွယ်ရှိသော်လည်း ဝါရင့် ဂိုးသမား တွမ်ဟီတန် မှာ ဤလကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ စာချုပ်အတွက်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေပါတယ်။
Source : www.unitedinfocus.com