ချဲလ်ဆီးအသင်းဟာ နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ ၊ ပိုလျှံနေတဲ့ ကစားသမားတွေကို တတ်နိုင်သလောက် ရှင်းထုတ်ဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ ထိုအထဲမှာ အင်္ဂလန်ဝါရင့် တောင်ပံကစားသမား ရာဟင်း စတာလင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
အသက် ၂၉ -နှစ် အရွယ်ရှိ စတာလင်ဟာ အမေရိကန် ခြေစမ်းခရီးစဉ်မှာ လိုက်ပါခဲ့သည့်တိုင် ၊ ရာသီသစ် မစတင်ခင် ၂-ရက်အလိုမှာ နည်းပြသစ် အန်ဇို မာရက်စ်ကာမှ ၎င်းကို အနာဂတ် အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ မက်ဆေ့ချ် ပေးခြင်းခံခဲ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စတာလင်နဲ့ သူ့ရဲ့ အသိုင်းအဝိုင်းက မကျေမနပ် ဖြစ်ခဲ့ကာ ၊ Statement ထုတ်ပြန်တဲ့ အခြေအနေအထိ ရောက်ခဲ့ရပါတယ်။ အခုအခါမှာတော့ ၎င်းဟာ အသင်းသစ်တစ်သင်း အလျင်အမြန် ရှာဖွေဖို့ ကြိုးစားနေရပြီး ၊ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ စတာလင်ဟာ ချဲလ်ဆီးရဲ့ မလေးမစား ဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
BetFair နဲ့ တွေ့ဆုံရာမှာ ရှီးယား က ”ရာဟင်း စတာလင် အပေါ် သူတို့ရဲ့ လုပ်ရပ်အပေါ် ကျွန်တော်မနှစ်မြို့ပါဘူး။ ဒါက အရမ်း မလေးမစားလုပ်ရာကျပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကြီးကြီးကျယ်ကျယ် မလုပ်ပြနိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်နဲ့ သူတို့ကို သဘောထား ဆက်ဆံတဲ့ နည်းလမ်းကလည်း ရှိပါသေးတယ်။”
“ကစားသမားတွေကို ထုတ်ရောင်းခြင်းနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလည်း ရှိပါတယ်။ ချဲလ်ဆီးမှာ ဖြစ်ပျက်နေတာတွေကိုက ကြောင်တောင်တောင်ပါ။ ကော်နာ ဂေါ်လဂါ ဖြစ်ရပ်မှာလည်း သူ လေယာဉ်နဲ့ အက်သလက်တီကိုဆီ ထွက်တဲ့အချိန်မှာ သူတို့ဟာ ဆမ်မြူ အိုမိုရိုဒီယွန်ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။”

”နောက်တော့ ဒီအပြောင်းအရွှေ့ကလည်း ပျက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဂေါ်လဂါလည်း ချဲလ်ဆီးကို ခဏ ပြန်လာခဲ့ရပါတယ်။ သူတို့ နောက်ထပ် တိုက်စစ်မှူး တစ်ယောက် မလိုတော့ဘူးလို့ ပြောနေတဲ့ကြားက ၊ ရုတ်တရက်ဆိုသလိုပဲ ‘ အိုကေ ၊ ငါတို့ အက်သလက်တီကိုဆီ သွားပြီး ၊ ဂျိုဝေါင် ဖဲလစ်ကို ခေါ်လို့ ရမရ စမ်းကြည့်မယ် ‘ ဆိုပြီး စဉ်းစားခဲ့ပြန်ပါတယ်။ ”
”ဒီတော့ ဂေါ်လဂါဟာ အက်သလက်တီကိုဆီ မပြောင်းနိုင်ခင် ဖဲလစ်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာတာကို စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ချဲလ်ဆီးက ရာဟင်း စတာလင်ကို အလိုမရှိတော့ဘူးလို့ ပြောပြီး ၊ အသင်းသစ် ရှာဖို့ စေခိုင်းခဲ့ပါတယ် ။ ဒီအထိ အဆင်ပြေပါသေးတယ်။”
”ဒါမျိုးက တစ်ခါတလေ ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ နည်းပြသစ် တစ်ယောက် ရောက်လာပြီး ၊ သူက ခင်ဗျားကို မနှစ်သက်ဘူး ၊ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရာသီသစ် စခါနီး ၂ -ရက်အလိုမှာမှ တစ်စုံတစ်ယောက်ကို “မင်း အသင်းမှာ မပါတော့ဘူး ၊ တစ်ပတ်အတွင်း အသင်းသစ် ရှာလိုက် ‘ လို့ ပြောတာက အရမ်း အရမ်း မလေးမစား လုပ်ရာကျပါတယ်။”
”ဒါဟာ ပရော်ဖက်ရှင်နယ်တစ်ဦးကို ပြုမူဆက်ဆံတဲ့ နည်းလမ်း အမှန် မဟုတ်ပါဘူး။ ဒါဟာ ချဲလ်ဆီးတို့ ခုအချိန်မှာ လုပ်နေတဲ့ ပုံစံမျိုးပါပဲ။ ကစားသမားတွေရော ၊ နည်းပြရော ဒါကို လက်ခံရပါတယ်။ ဒီကလပ်က တစ်ဦးတစ်ယောက်မှ ဘောလုံး အသင်း တစ်သင်းကို ဘယ်လိုလည်ပတ်အောင် လုပ်ရမလဲဆိုတာ မသိကြပါဘူး။”

”ဒါက ဘယ်လိုမှ မကောင်းပေမဲ့ ၊ ဒါမျိုး ဖြစ်နေတာပါ။ ခင်ဗျား တတ်နိုင်သလောက် ကြိုးစား လက်ခံရမှာပါပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားကိုယ်၌က ဒီအသင်းကို ရောက်နေတော့ ၊ ဒါမျိုး ကြုံရမှာမို့လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရှီးယားက စတာလင် အတွက် ပြောင်းရွှေ့ကြေးနဲ့ လစာပမာဏကို အခုအချိန်မှာ တတ်နိုင်တဲ့ကလပ် အရေအတွက် အလွန်နည်းပါးနေပေမဲ့ ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အက်စ်တွန် ဗီလာနဲ့ ဆိုရင်တော့ လိုက်ဖက်မှု ရှိလိမ့်မယ်လို့ သုံးသပ်သွားပါတယ်။
ရှီးယား က ”ရာဟင်း စတာလင် အခုအချိန်မှာ ကြုံနေရတဲ့ပြဿနာက သူ့ကိုဘယ်အသင်းက ဝယ်ဖို့တတ်နိုင်မလဲ ဆိုတာပါ။ လစာအရ ချဲလ်ဆီးဟာ သူ့အတွက် တစ်စိတ်တစ်ပိုင်း ကျခံပေးဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စာချုပ် ၃-နှစ် ကျန်နေသေးလို့ပါ။ ဒီစာချုပ် ရှိနေသ၍ အခု သူ့ကိုဆက်ဆံပုံအရ ဘာနစ်နာကြေးမှမရဘဲ ၊ သူ ဒီကနေ လုံးဝ ထွက်မှာမဟုတ်ပါဘူး။ ”
”မေးစရာ ရှိတာက ချဲလ်ဆီးက သူ့ကို လက်ကျန် လစာကို လုံလုံလောက်လောက်ပေးချေပြီး ထွက်ခိုင်းမှာလား ဆိုတာပါပဲ။ ဒီလိုဆို သူတို့ဟာ လာမယ့်နှစ်တွေမှာ ဒီပြဿနာမျိုး ဆက်တိုက် ကြုံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့် အမြင်အရ ရူးလောက်စရာ ကောင်းတဲ့ ၆ -နှစ် ၊ ၇-နှစ် ၊ ၈-နှစ် ၊ ၉-နှစ်တွေနဲ့ ကစားသမားသစ်တွေကို စာချုပ်ချုပ်ထားလို့ပါ။”
“စတာလင် ကိုယ်တိုင်ကရော ဒီထက် နည်းတဲ့လစာနဲ့ တခြားကလပ်တစ်သင်းဆီ ပြောင်းနိုင်ပါ့မလား? လာမဲ့ ၇ -ရက်ဝန်းကျင် ဒီအပြောင်းအရွှေ့ ဖြစ်မဖြစ် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ခြေစွမ်း မကောင်းခဲ့တာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။”
”ဒါပေမဲ့ သူ့မှာ အရည်အချင်း ရှိနေဆဲဖြစ်ပြီး ၊ ကမ်းလှမ်းမှုတွေ အများကြီး လုပ်နိုင်ပါသေးတယ်။ သူဟာ တစ်သင်းသင်း အတွက်တော့ ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ်။ အပြီးသတ် ခေါ်တာပဲဖြစ်ဖြစ် ၊ အငှား ခေါ်တာပဲဖြစ်ဖြစ်ပေါ့။ ပရီးမီးယားလိဂ်မှာဆိုရင်တော့ သူဟာ အက်စ်တွန်ဗီလာမှာ ကောင်းကောင်း ကစားပြနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
Source : dailystar.co.uk
#xda77 #xda77digital