ယခုရက်သတ္တပတ်အစောပိုင်းက ဘာစီလိုနာ ကွင်းလယ်ကစားသမား ပက်ဒရီ က ၂၀၂၅ ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလပ်အတွက် အောင်မြင်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့ကာ စပိန်လက်ရွေးစင်အသင်းကိုလည်း ယူအီးအက်ဖ်အေ နေရှင်းလိဂ်ဖိုင်နယ်သို့ ရောက်ရှိစေရန်လည်း ကူညီပေးခဲ့ပါတယ်။
ဤအခြေအနေများအပြီးတွင် ပက်ဒရီဟာ ဘော်လွန်းဒီအော်ဆုကို စီစဉ်သူ France Football နှင့် အင်တာဗျူးလုပ်ခဲ့ပါတယ်။ အင်တာဗျူးအတွင်းတွင် သူဟာ ပြီးခဲ့တဲ့နှစ်က သူနှင့်တစ်နိုင်ငံတည်းသာ ရိုဒရီ ဟာနန်ဒက်ဇ် ဆုရရှိခဲ့ခြင်းကို မြင်တွေ့ခဲ့ရသောကြောင့် ဆုရရှိရန် မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
“ဘော်လွန်းဒီအော်ဆုကို တိုက်စစ်မှူးတွေက အများအားဖြင့် ရရှိကြပါတယ် ဒါပေမဲ့ ရိုဒရီရဲ့ ဆုက ကွင်းလယ်လူတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး တန်ဖိုးထားရမယ်ဆိုတာ ပြသပါတယ်။ ကျွန်တော် တစ်နေ့နေ့မှာ ဆုရရှိဖို့ ဘာကြောင့် မမျှော်လင့်နိုင်ရမှာလဲ။ ဒါပေမဲ့ ဘယ်သူက အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့သူက ကျွန်တော် မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုတွေအတွက် မဲပေးတဲ့သူတွေက အကဲဖြတ်ဖို့ ပိုပြီး အရည်အချင်းရှိပါတယ်”
“ကျွန်တော် ပြီးခဲ့တဲ့ရာသီက ကြိုးကြိုးစားစား လုပ်ခဲ့ပြီး အရမ်းကောင်းတဲ့အဆင့်မှာ ကစားခဲ့တယ်လို့ ထင်ပါတယ်။ အသင်းလိုက်အဆင့်မှာလည်း အရာတွေက အရမ်းကောင်းခဲ့ပါတယ်။ ကိုယ်ပိုင်အဆင့်မှာတော့ ကျွန်တော် အရမ်းကို သက်တောင့်သက်သာ ခံစားရပြီး ပြီးခဲ့တဲ့ရာသီက ကျွန်တော် ရှာဖွေနေခဲ့တဲ့ခြေစွမ်းကို တွေ့ရှိခဲ့ပါတယ်။ နည်းပြက ကျွန်တော့်အပေါ် ယုံကြည်မှုထားခဲ့ပါတယ်၊ ဒါက ကျွန်တော် အကောင်းဆုံးပေးဆပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်” သူက လို့ ပြောထားပါတယ်။
ပက်ဒရီဟာ ဘာစီလိုနာရှိ ဘဝအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့်ရာသီက သူ့တို့ ဘာကြောင့် အောင်မြင်ခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပြီး ဟန်စီ ဖလစ်ခ်ရဲ့ စီမံခန့်ခွဲမှုပုံစံကိုလည်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့အသစ်တစ်ခု ဖွဲ့စည်းခဲ့တယ်၊ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး သိကျွမ်းလာခဲ့ပြီး ခြားနားမှုဖြစ်အောင် လုပ်နိုင်တဲ့ လူငယ်အရည်အချင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အသင်းတစ်သင်းကို ဖွဲ့စည်းထားနိုင်ပါတယ်။ ကျွန်တော်တို့ မယုံကြည်နိုင်လောက်တဲ့ အဆင့်ကို ရောက်ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“ဒီလူငယ်ကစားသမားတွေဟာ ကလေးဘဝကတည်းက ဘာစီလိုနာကို ရောက်လာခဲ့ကြပြီး ကလပ်ရဲ့ ဒဿနကို အတွင်းထဲအထိ သယ်ဆောင်လာကြပါတယ်။ ဒီမှာ ကစားဟန်ကို ငယ်ရွယ်တဲ့အရွယ်ကတည်းက စတင်သင်ကြားပေးပြီး ပထမအသင်းရဲ့ ကစားဟန်နဲ့ အရမ်းဆင်တူပါတယ်။ ဒီလို မျိုးဆက်ပေါင်းစုံ ပေါင်းစပ်မှုက အရမ်းကောင်းမွန်နေပါတယ်။ ကျွန်တော့်ကို အပြည့်အဝ ယုံကြည်တဲ့ နည်းပြတစ်ဦး ရှိတာက ကျွန်တော် စိတ်အေးလက်အေး ရှိနေပြီး ကစားသမားဘဝကို ပျော်ရွှင်စေဖို့ ကူညီပေးပါတယ်။ အပြင်ပန်းကကြည့်ရင် ဟန်စီ ဖလစ်ခ်က ခပ်တည်တည်ပုံရပေမဲ့ တကယ်တမ်းမှာတော့ သူက ကျွန်တော်တို့အတွက် ဖခင်တစ်ဦးလိုပါပဲ၊ ကျွန်တော်တို့ လိုအပ်ချက်တွေကို အမြဲဂရုစိုက်ပါတယ်” လို့ ပက်ဒရီက ပြောပါတယ်။
အင်တာဗျူးအတွင်းတွင် ပက်ဒရီက ရီးရဲလ်မက်ဒရစ် ကစားသမားနှစ်ဦးဖြစ်တဲ့ ကီလီယန် အမ်ဘာပေ နှင့် ဂျုဒ် ဘယ်လင်ဟမ် တို့အကြောင်းကိုလည်း ချီးကျူးပြောဆိုခဲ့ပြီး ဆိုရှယ်မီဒီယာအသုံးပြုသူများက ဘယ်လင်ဟမ်ကို ပက်ဒရီနှင့် မကြာခဏ နှိုင်းယှဉ်လေ့ရှိကြပါတယ်။
“ရီးရဲလ်မက်ဒရစ်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ကီလီယန် အမ်ဘာပေ က ဘောလုံးရပြီး တစ်ယောက်ချင်းတွေ့တဲ့အခါ သူ့ကို တားဆီးဖို့ အရမ်းခက်ခဲပါတယ်။ ဂျုဒ် ဘယ်လင်ဟမ် ကလည်း တကယ်ကို မယုံနိုင်စရာကောင်းပါတယ်။ သူက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတွေကို ပေါင်းစပ်ထားတာကြောင့် သူ့ကို ရင်ဆိုင်ရတာ အလွန်ခက်ခဲပါတယ်” လို့ ပက်ဒရီက ပြောပါတယ်။
Source : www.football-espana.net