ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘန်လေအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်တိုက်စစ်မှူး ရစ်ချာလီဆန်က အံ့မခန်းခြေစွမ်းပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် သူရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာလည်း ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူးဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီး အသင်းအတွက် အမှတ်အပြည့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ရစ်ချာလီဆန်ဟာ ပေါင်ခြံ၊ ပေါင်နောက်ကြောနဲ့ ခြေသလုံးဒဏ်ရာတွေကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် အခုလို ပွဲပန်းဒဏ်ရာတွေထပ်မံမဖြစ်ပေါ်စေဖို့အတွက် နည်းပြ သောမတ်စ်ဖရန့်ခ်က ဂရုတစိုက်နဲ့ ပွဲကစားချိန်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားမယ်လို့ ပြောကြားထားပါတယ်။
နည်းပြ ဖရန့်ခ်က “ရစ်ချာလီဆန်ဟာ ပီအက်စ်ဂျီနဲ့ပွဲစဉ်တုန်းက ခြေစွမ်းကောင်းခဲ့သလို ဒီနေ့ပွဲမှာတော့ အထူးခြေစွမ်းပြခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ အသင်းကို ဦးဆောင်နိုင်စွမ်း၊ ဘောလုံးပေးပို့မှုနဲ့ ဖန်တီးမှုတွေက အထူးကောင်းမွန်ခဲ့ပြီး ဂိုးသွင်းယူနိုင်စွမ်းနှစ်ခုစလုံးက ပြည့်စုံလွန်းလှပါတယ်။ သူ့ကိုယ်စား ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဆေးဘက်ဆိုင်ရာဌာနနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကလည်း သူ့ကို ပြန်လည်အားဖြည့်တည်ဆောက်ရာမှာ အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်” လို့ အလေးပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ရာပြဿနာတွေထပ်မံမဖြစ်ပွားစေဖို့အတွက် ဒီလိုဂရုစိုက်မှုမျိုးကို ရာသီကုန်အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဖရန့်ခ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ အသင်းဖော်တိုက်စစ်မှူး ဒိုမီနစ်ဆိုလန်ကီ လူစားဝင်မလာခင်မှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြခဲ့ပါတယ်။
တော့တင်ဟမ်အသင်းဟာ လာမဲ့အပတ်မှာ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် ရစ်ချာလီဆန်ရဲ့ ကြံ့ခိုင်မှုက အရေးပါလာမှာဖြစ်ပါတယ်။
Source : .goal.com