မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုက ယခုရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိပြီးနောက် အသင်းဖော်တွေကို ကိုယ့်တာဝန်ကိုယ်ယူဖို့နဲ့ နိုင်ပွဲအတွက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ နည်းပြရူဘင်အာမိုရင်လက်ထက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲအထိကစားထားပေမဲ့ စုစုပေါင်း နိုင်ပွဲ ၉ ပွဲသာရရှိထားပါတယ်။ အာမိုရင်ရဲ့နည်းစနစ်တွေကို ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေက ကြိုက်နှစ်သက်ခြင်းမရှိကြပေမဲ့ ယူနိုက်တက်ကစားသမားတွေကတော့ အားပေးထောက်ခံနေဆဲဖြစ်ပြီး အလှည့်အပြောင်းတွေပြုလုပ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။
ယခုအခါမှာလည်း နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမားအမ်ဘွေမိုက အသင်းဖော်တွေကို တာဝန်ယူစိတ်ရှိကြဖို့ တိုက်တွန်းလာခဲ့ပါတယ်။ ကစားသမားက “လက်ရှိအသင်းရဲ့ရလဒ်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။ ကျွန်တော့်ကို ပရိသတ်တွေက နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပြီး ဒါကို ဘယ်တော့မှမမေ့ပါဘူး”
“အသင်းရဲ့ကစားသမားတိုင်း တာဝန်ကျေဖို့လိုအပ်မယ်လို့ထင်ပါတယ်။ ဒီလို အသင်းကြီးမှာကစားရတာက ပိုပြီးတော့ တာဝန်ကြီးပြီး အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ပိုကောင်းလာဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ဆိုးဝါးတဲ့ရလဒ်တွေနဲ့ တည်ငြိမ်မှုမရှိတဲ့ ကစားပုံတွေကြောင့် ယခုရာသီအစမှာပဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်မှုတွေကြုံတွေ့ထားရပြီး ကလပ်ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေလည်း ရရှိထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး အမ်ဘွေမိုက “ကျွန်တော်တို့ အပြင်စကားသံတွေကို နားထောင်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲအာရုံစိုက်နေဖို့လိုပါတယ်။ အသင်းရဲ့အတွင်းပိုင်းက စကားသံတွေကိုပဲ နားထောင်ပြီး ပုံစံကောင်းအတွက် ကြိုးစားသွားရပါမယ်” “အပြင် ဆူညံသံတွေကို တားဆီးထားဖို့က မခက်ပါဘူး။ အရေးကြီးတာက ဆိုရှယ်မီဒီယာက ဝေဖန်မှုတွေကို လျစ်လျူရှုထားနိုင်ဖို့ပါပဲ။ ဒါကြောင့် ကိုယ့်အသင်းအပေါ်မှာပဲ အာရုံစိုက်ပြီး အတွင်းထဲက စကားသံတွေကိုနားထောင်ဖို့လို့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ နည်းပြရူဘင်အာမိုရင်ဟာ အမ်ဘွေမို၊ ကွန်ညာနဲ့ ဆက်စ်ကိုတို့ကို ပွဲထုတ်ပြီး ၃ ယောက်တွဲတိုက်စစ်နဲ့ ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမဲ့ ဆက်စ်ကိုတစ်ယောက် ပထမဆုံးဂိုးစတင်သွင်းယူနိုင်ခဲ့လို့ အပြုသဘောဆောင်တဲ့အချက်တွေ ရှိခဲ့တယ်လို့ဆိုရပါမယ်။
ကင်မရွန်းလက်ရွေးစင်က “အသင်းဖော်သစ်တွေနဲ့ကစားရတာ စိန်ခေါ်မှုတစ်ခုဖြစ်ပေမဲ့ စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဘောလုံးကစားသမားတွေကတော့ အသင်းဖော်သစ်တွေနဲ့ အမြဲတမ်းကစားနေရတာပါပဲ။ ကျွန်တော်တို့ တွဲကစားတာ သိပ်မကြာသေးလို့ နောက်ပိုင်းမှာတော့ တိုးတက်မှုတွေ ပြသနိုင်မယ်လို့ယုံကြည်ပါတယ်။ သေချာပေါက်တိုးတက်ဖို့လိုအပ်နေတာတွေလည်းရှိနေပါသေးတယ်။ အသင်းရဲ့ကစားသမားတွေက ပုံစံမတူကြပေမဲ့ သူတို့နဲ့အတူတူ ကစားခွင့်ရတာ အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရောက်ရှိနေတဲ့ တန်းတက် ဆန်းဒါးလန်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။
Source : sports.yahoo.com