အာမိုရင်ကိုနည်းပြသစ်အဖြစ် မခန့်အပ်မီ ဆိုးလ်ရှားကိုပြန်လည်ခန့်အပ်ဖို့ စီစဉ်ခဲ့သေးတဲ့ ယူနိုက်တက်

ဆိုးလ်ရှားကိုပြန်လည်ခန့်အပ်ဖို့ စီစဉ်ခဲ့သေးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြအဲရစ်တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီးနောက် ထိုစဉ်က စပို့တင်းကိုကိုင်တွယ်နေတဲ့ ရူဘင်အာမိုရင်ကို နည်းပြသစ်အဖြစ် မခန့်အပ်မီ အသင်းရဲ့နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားကို အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့သိရပါတယ်။

ဆိုးလ်ရှားဟာယူနိုက်တက်ကို ၃ နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ကိုတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အာမိုရင်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပါတယ်။

အာမိုရင်ရဲ့ဦးဆောင်မှုအောက်မှာတော့ ယူနိုက်တက်ဟာ မျှော်လင့်ထားသလောက်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရာသီအတွင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ်ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီကမှ စတင်ခဲ့တဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီအစမှာလည်း ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့နေရတာကြောင့် ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို၊ အမှတ်ပေးဇယားမှာလည်း အဆင့် ၁၄ အထိရောက်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေက အာမိုရင်ရဲ့နည်းစနစ်နဲ့ စွမ်းဆောင်ရည်တွေကို မေးခွန်းထုတ်လာကြပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ အသင်းပိုင်ရှင်တွေကတော့ ပေါ်တူဂီသားကို ယုံကြည်နေဆဲဖြစ်ပါတယ်။ကောလာဟလတွေအရတော့ ယူနိုက်တက်ဟာ အာမိုရင်နေရာမှာအစားထိုးဖို့ နည်းပြသစ်ကိုရှာဖွေနေတယ်လို့သိရပြီး အင်္ဂလန်လက်ရွေးစင်ဟောင်း ဂါရတ်ဆောက်ဂိတ်ကလည်း ယူနိုက်တက်ရဲ့ပစ်မှတ်စာရင်းထဲမှာရှိနေတယ်လို့ ထင်ကြေးပေးထားကြပါတယ်။

ဆိုးလ်ရှားကတော့ မကြာသေးမီက တူရကီစူပါလိဂ်ကလပ် ဘက်ဆစ်တက်ကိုကိုင်တွယ်ခဲ့ပေမဲ့ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ ကျရှုံးခဲ့တာကြောင့် နည်းပြရာထူးမှထုတ်ပယ်ခံထားရပါတယ်။ နော်ဝေးသားနည်းပြဟာ ဘက်ဆစ်တက်နဲ့ ၁ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ၈ လသာကိုင်တွယ်ခွင့်ရခဲ့ပြီး လောလောဆယ်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

Source : https://au.sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *