ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာစီးတီးမှ ဖီနာဘာချီသို့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား အီဒါဆန်က သူဟာ ဘာကြောင့် အီတီဟတ်ကိုစွန့်ခွာပြီး တူရကီမြေသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အီဒါဆန်ဟာ ဘောလုံးကိုခြေထောက်နဲ့ကိုင်ပြီး ကစားတတ်တဲ့ဂိုးသမားဖြစ်သလို၊ ဂိုးဖန်တီးမှုစွမ်းရည်လည်းပြည့်ဝတာကြောင့် နည်းပြ ပက်ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမဲ့ ၂၀၂၅-၂၆ ရာသီမစတင်မီမှာပဲ ကစားသမားဘဝ နောက်ထပ်စိန်ခေါ်မှုအသစ်တွေအတွက် ဖီနာဘာချီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
ယခုအခါမှာ ဘရာဇီးလက်ရွေးစင်က “ဘောလုံးမှာ စက်ဝန်းတိုင်းက အဆုံးသတ်ရတာပါပဲ။ ကစားသမားတွေ အသင်းကိုဝင်လာကြပြီးအချိန်တန်ရင် ပြန်ထွက်သွားကြရပါတယ်။ ကျွန်တော် မန်စီးတီးမှာ ၈ နှစ်နေထိုင်ခဲ့ပြီး ဆုဖလား ၁၈ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့်အခုချိန်မှာ အပြောင်းအလဲအနေနဲ့ စိန်ခေါ်မှုအသစ်တွေလိုအပ်လာပြီလို့ထင်ပါတယ်”
“ဘောလုံးအပေါ်ကျွန်တော့်ရဲ့ဆာလောင်စိတ်က အရင်အတိုင်းဆက်ရှိနေသလို၊ ကိုယ်ကာယအတွက်လည်း ကြံ့ခိုင်ရေးထိန်းသိမ်းနေဆဲပါ။ ဘင်ဖီကာမှာရော၊ မန်စီးတီးမှာပါရှိခဲ့တဲ့အချိန်တွေအတိုင်း အနိုင်ရလိုစိတ်က ကျွန်တော့်မှာ ကျန်ရှိနေတုန်းပါပဲ။ ဖီနာဘာချီမှာလည်း အဲဒီလိုစိတ်ဓာတ်နဲ့ပဲ ဆက်ကစားသွားမှာပါ”
“ဒီရာသီမတိုင်ခင်ကတည်းက ကျွန်တော်မန်စီးတီးကနေထွက်ခွာဖို့ကြိုးစားခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ပါဘူး။ အဲဒီနောက်မှာ ကျွန်တော်က ဒဏ်ရာ ၅ ခုအထိရခဲ့ပြီး စွမ်းဆောင်ရည်ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် မိသားစုနဲ့တိုင်ပင်ပြီ တူရကီကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် အပြောင်းအလဲလုပ်ဖို့လိုအပ်နေတယ်ဆိုတာ ကြိုသိခဲ့ပါတယ်”
“ဘောလုံးကစားရတာ ပျော်ရွှင်မှုမရှိရင် အသင်းကြီးတစ်သင်းမှာရောက်နေလည်း အဓိပ္ပာယ်မရှိပါဘူး။ စိန်ခေါ်မှုအသစ်တွေကမှ စွမ်းအင်အသစ်တွေယူလာပေးမှာပါ။ ကျွန်တော်အခုဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ပြန်ကစားနေပြီး တူရကီရဲ့အငွေ့အသက်တွေကိုလည်း ခံစားရပါတယ်။ ကျွန်တော့်ရဲ့အနိုင်ရလိုစိတ်က ပြင်းပြနေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အီဒါဆန်ဟာ နိုင်ငံတကာပွဲစဉ်တွေကစားဖို့ ဘရာဇီးလက်ရွေးစင်အသင်းသို့ ရောက်ရှိနေပြီး ဘရာဇီးဟာ လာမဲ့ နိုဝင်ဘာ ၁၅ နဲ့ ၁၈ ရက်တွေမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဆီနီဂေါ၊ တူနီးရှားတို့နဲ့ ခြေစမ်းပွဲစဉ်တွေကစားသွားမှာဖြစ်ပါတယ်။
Source : https://www.goal.com




