ယူနိုက်တက်ကျရှုံးခဲ့ခြင်းမှာ နာမည်ကျော်ကစားသမားတွေနောက်လိုက်ခဲ့ခြင်းကြောင့်ဖြစ်တယ်

ယူနိုက်တက်ကျရှုံးခဲ့ခြင်း

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီက အသင်းအနေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ဝေးကွာပြီး ကျရှုံးမှုတွေကြုံတွေ့နေရခြင်းမှာ လူကာကူ၊ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော်ကစားသမားတွေနောက် လိုက်ခဲ့ခြင်းကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ရွန်းနီက ယူနိုက်တက်ဟာ ဂန္ထဝင်နည်းပြကြီး ဆာလအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ကစားသမားခေါ်ယူမှုနည်းဗျူဟာတွေကို ကိုင်ပိုင်ဟန်နဲ့အသုံးမပြုတော့ဘဲ နာမည်ကြီးကစားသမားတွေကိုသာ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းက “အရင်တုန်းက ကစားသမားခေါ်ယူမှုတွေက ကျရှုံးမှုတွေနဲ့ပဲကြုံတွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လူကာကူဇလာတန်နဲ့ ပေါ့ဂ်ဘာတို့လို နာမည်ကြီးတွေပဲခေါ်ယူခဲ့တာပါ။ သူတို့က တကယ်ကောင်းတဲ့ကစားသမားတွေဆိုတာတော့အမှန်ပါပဲ။ ဒါပေမယ့် ယူနိုက်တက်က အစီအစဉ်တကျအသင်းမှာအသုံးမပြုနိုင်ခဲ့ဘဲ ငွေအမြောက်အမြားဖြုန်းတီးခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရွန်းနီကယူနိုက်တက်ဟာ အဆိုပါ ကစားသမားခေါ်ယူမှုအမှားတွေရဲ့အကျိုးဆက်ကို အခုချိန်အထိ ခံနေရဆဲဖြစ်သော်လည်း လက်ရှိနည်းပြ ရူဘင်အာမိုရင်လက်ထက်မှာတော့ တဖြည်းဖြည်းတိုးတက်မှုတွေရှိလာတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

ရွန်းနီက “မှားယွင်းတဲ့ခေါ်ယူမှုတွေကို အခုချိန်အထိခံစားနေရတုန်းပါ။ ဒီအမှားတွေကိုကျော်လွှားနိုင်ဖို့ အချိန်ယူရပါမယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းယူနိုက်တက်ရဲ့ကစားသမားတွေ ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရပါတယ်။ အခုချိန်မှာတော့ အသင်းကတိုးတက်နေပါပြီ။ ယုံကြည်မှု တဖြည်းဖြည်းပြန်ရနေပြီး နည်းပြကလည်း ဒီလိုအခြေအနေမျိုးကိုလိုအပ်နေတာပါ”

“လက်တွေ့ကျကျစဉ်းစားကြည့်မယ်ဆိုရင် အသင်းကတိုးတက်နေပေမဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ထိပ်ဆုံး ၄ သင်းဝင်ဖို့ကတော့ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ ကောင်းမွန်တဲ့ကစားသမားခေါ်ယူမှုနဲ့ နည်းပြရဲ့စွမ်းဆောင်တွေတိုးတက်လာလို့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Source : https://sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *