ဒီနေ့မနက်ပိုင်း၊ အင်တာမီလန်ကို ဝ-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အပြီး လီဗာပူးဝါရင့်ခံစစ်မှူးရော်ဘတ်ဆန်က ကလပ်အသင်းမှာ မိုဆာလက်ရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ထောက်ပြပြောဆိုခဲ့ပါတယ်။
အသက်-၃၃ နှစ်အရွယ်ကစားသမားရဲ့ ပေါက်ကွဲသံစဉ်အင်တာဗျူးတစ်ခုအပြီး မီလန်မြို့ဆီထွက်ခွာမဲ့ ခရီးစဉ်အတွက် အသင်းလူစာရင်းမှ မိုဆာလက်ကို ချန်လှပ်ထားခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ အီဂျစ်ကြယ်ပွင့်က “သူ့အပေါ် သစ္စာဖောက်ခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း လီဗာပူးအသင်းက ပုံစံကောင်းရနေတဲ့ ဆိုဘိုဆလိုင်းရဲ့နောက်ကျပယ်နယ်တီဂိုးဖြင့် ဆန်စီရိုမှာ အင်တာမီလန်ကို အနိုင်ယူခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး အသက်-၃၁ နှစ်အရွယ် ဘယ်နောက်ခံလူရော်ဘတ်ဆန်က မိုဆာလက်နဲ့ပတ်သက်လို့ “ ဒီကလပ်အသင်းအတွက် ကစားပေးခဲ့တဲ့ အကြီးကျယ်ဆုံးကစားသမားတွေအနက် တစ်ဦး”လို့ ရည်ညွှန်းပြောဆိုရင်း အခြေအနေတွေအပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေတစ်ရပ်ပါ။ ကျွန်တော်တို့က ဒီကလပ်အသင်းအတွက် ကစားပေးခဲ့တဲ့ အကြီးကျယ်ဆုံးကစားသမားတွေအနက် တစ်ဦးအကြောင်းကို ဆွေးနွေးနေကြတာပါ။ ကျွန်တော်က သူနဲ့အတူ လီဗာပူးဆီ တချိန်တည်းရောက်ရှိလာခဲ့တာပါ။ ဘာတွေပဲဖြစ်နေခဲ့ပါစေ၊ အသင်းအတွင်းမှာတော့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွှတ်ကြပါတယ်”လို့ ပြောပါတယ်။
မိုဆာလက်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ရော်ဘတ်ဆန်က “အဲ့ဒီကိစ္စက ကျွန်တော့်အပေါ်မှာ မူတည်မှုမရှိဘဲ အခြားသူတွေအပေါ်မှာပဲ မူတည်ပါတယ်။ မိုဆာလက်နဲ့အတူ တွဲဖက်ကစားရတာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ ဆက်ပြီးလည်း သူနဲ့အတူ တွဲဖက်ကစားခွင့်ရရှိဖို့ မျှော်လင့်မိပါတယ်။
ချန်ပီယံလိဂ်အမှတ်ပေးဇယားထိပ်ဆုံးရှစ်နေရာအတွင်း ရပ်တည်နိုင်ဖို့နဲ့ Play-off ကိုရှောင်ရှားဖို့ ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားကြပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ မဲခွဲမှုရလဒ်တွေအရ ကျွန်တော်တို့တွေ ကံမကောင်းခဲ့ပါဘူး”လို့ ပြောပါတယ်။
Source : https://www.tribalfootball.com




