ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့အတူ ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အင်္ဂါနေ့က ကစားခဲ့တဲ့ ဘုန်းမောက် နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အခြေအနေတွေက အဆိုးရွားဆုံး အမှတ်ကို ရောက်လာခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ နိုင်ထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ညံ့ဖျင်းတဲ့ ခြေစွမ်းကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ပွဲကစားနေတုန်း အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုးလ်ပယ်မာကို လူစားလဲလိုက်တဲ့အချိန်မှာ စိတ်ပျက်နေတဲ့ ပရိသတ်တွေက မာရက်စ်ကာကို ကွင်းထဲကနေ လှောင်ပြောင်ခဲ့ကြသလို ‘ခင်ဗျား ဘာလုပ်နေလဲဆိုတာ ခင်ဗျားကိုယ်တိုင်တောင် သိရဲ့လား’ ဆိုပြီးတော့လည်း အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် BlueCo အဖွဲ့ကလည်း အသင်းရဲ့ကျဆင်းနေတဲ့ ခြေစွမ်းအပေါ် စိုးရိမ်နေပြီး ဇန်နဝါရီလကုန်လို့မှ တိုးတက်မှု မရှိလာဘူးဆိုရင် မာရက်စ်ကာကို ထုတ်ပယ်ဖို့ အလေးအနက် စဉ်းစားနေကြပါပြီ။ ဇန်နဝါရီလဟာ အသင်းအတွက် အရေးကြီးတဲ့ကာလဖြစ်ပြီး တနင်္ဂနွေနေ့မှာကစားရမဲ့ မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်အပါအဝင် ပွဲကြီး ၉ ပွဲအထိ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အထဲ မာရက်စ်ကာကိုယ်တိုင်ကလည်း အသင်းရဲ့ စီမံခန့်ခွဲပုံအပေါ် မကျေမနပ် ဖြစ်နေပုံပါပဲ။

ဒီလအစောပိုင်း ချန်ပီယံလိဂ်မှာ အတ္တလန္တာကို ရှုံးနိမ့်ပြီးနောက်ပိုင်း ၄၈ နာရီဟာ မာရက်စ်ကာရဲ့သက်တမ်းတစ်လျှောက် ‘အဆိုးရွားဆုံး’ အချိန်တွေဖြစ်ခဲ့ပြီး နည်းပြနဲ့ ကစားသမားတွေဟာ အသင်းဘက်က ‘ပံ့ပိုးမှု’ မရသလို ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘုန်းမောက်နဲ့ သရေကျတဲ့ပွဲအပြီးမှာတော့ မာရက်စ်ကာ နေမကောင်းဖြစ်နေတာကြောင့် လက်ထောက်မန်နေဂျာ ဝီလီကာဘာလေရိုကပဲ မီဒီယာတွေကို ဖြေကြားပေးခဲ့ရတာဖြစ်ပါတယ်။

Source : https://www.skysports.com

Leave a Reply

Your email address will not be published. Required fields are marked *