တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ် ရာထူးမှ ထုတ်ပယ်ခံရမှုအပေါ် အာတီတာရဲ့ မှတ်ချက်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ် ရာထူးမှ ထုတ်ပယ်ခံရ

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် တော့တင်ဟမ်ဟော့စပါးအသင်းဟာ သူတို့ရဲ့နည်းပြဖြစ်သူ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဖရန့်ခ်ဟာ တော့တင်ဟမ်အသင်းကို (၈) လကြာ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တစ်ပွဲမှ အနိုင်မရရှိခဲ့တဲ့ ရလဒ်ဆိုးတွေကြောင့် အခုလို အသင်းကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တော့တင်ဟမ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၆) အထိ ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကို ရောက်ရှိနေပါတယ်။ လာမဲ့အပတ်မှာ အာဆင်နယ်အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမဲ့ မြောက်လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်း မတိုင်ခင်မှာပဲ တော့တင်ဟမ်ဘက်က နည်းပြသစ်တစ်ယောက်ကို အသည်းအသန် ရှာဖွေနေပြီ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ မီကယ်အာတီတာက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“လုပ်ဖော်ကိုင်ဖက်တစ်ယောက် သူ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘူးဆိုတာ တကယ်ကို စိတ်မကောင်းစရာ သတင်းပါပဲ။ သောမတ်စ်ဟာ တကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်သလို လူပုဂ္ဂိုလ်အရလည်း တကယ့်ကို အံ့သြစရာကောင်းသူ တစ်ယောက်ပါ။ ဒါကို သူက ဒီလိဂ်ထဲမှာ သက်သေပြခဲ့ပြီးသားပါ။ ကျွန်တော်တို့ နည်းပြတွေရဲ့ အနေအထားကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်က ကွင်းထဲက ခြေစွမ်းထက်ကို ပိုပါတယ်။ တစ်ခါတလေမှာ ရလဒ်တွေကပဲ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားတာပါ။ သူ နောက်ထပ်လုပ်မဲ့ အလုပ်တွေမှာ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်” လို့ အာတီတာက ဆိုပါတယ်။

ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့စဉ်က တော့တင်ဟမ်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေဟာ ဖရန့်ခ်အတွက် ရာထူးက ထွက်ခွာရစေတဲ့ နောက်ဆုံးတွန်းအား ဖြစ်ခဲ့ပုံရပါတယ်။

ဒါပေမဲ့ အာတီတာကတော့ ဖရန့်ခ်အပေါ် လေးစားမှု အပြည့်ရှိနေဆဲဖြစ်ပြီး “အများကြီး လေးစားပါတယ်။ လေးစားတာထက် ပိုပြီးတော့တောင် အထင်ကြီးမိတာပါ။ သူဟာ အသင်းသားအားလုံးရဲ့ ရည်မှန်းချက်ချင်း တူညီပြီး ပုံစံချင်းလည်း တူညီတဲ့ ကလပ်အသင်းတစ်သင်းမှာ အလုပ်လုပ်ပြခဲ့တာပါ။ ကျွန်တော့်အမြင်အရ သူတို့ လုပ်ဆောင်ပုံတွေက တကယ့်ကို ပါးနပ်လို့ ကျွန်တော်တို့ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ အသင်းကို တည်ဆောက်ပုံနဲ့ တဖြည်းဖြည်း တိုးတက်လာအောင် လုပ်ပုံတွေကလည်း တကယ့်ကို စနစ်ကျပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Source : https://www.mirror.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *