ပိုချက်တီနို ပြန်လာမလားနှင့် တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြသစ်ရှာပုံတော်

ပိုချက်တီနို ပြန်လာမလား

အင်္ဂလန်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းဟာ နည်းပြဖြစ်သူ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ အသင်းကို ပြန်လည်ဦးမော့လာစေမဲ့ နည်းပြသစ်တစ်ဦးကို အသည်းအသန် ရှာဖွေနေပါတယ်။

နည်းပြ ဖရန့်ခ်ဟာ တော့တင်ဟမ်အသင်းကို ရောက်ရှိလာတာ (၈) လတောင် မပြည့်သေးပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၆) နေရာအထိ ကျဆင်းနေပြီး တန်းဆင်းဇုန်နဲ့ (၅) မှတ်သာ ကွာဟတော့တဲ့အတွက် အသင်းရဲ့ အခြေအနေဟာ စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။

သတင်းထောက် ဘင်ဂျေးကော့ဘ်ရဲ့အဆိုအရ တော့တင်ဟမ်အသင်း တာဝန်ရှိသူတွေဟာ နည်းပြလောင်းတွေကို စတင်လူတွေ့စစ်ဆေးနေပြီဖြစ်ပြီး အမြဲတမ်းနည်းပြသစ် မခန့်အပ်နိုင်ခင်မှာ အသင်းကို ယာယီကိုင်တွယ်ပေးမဲ့ နည်းပြတစ်ဦးကို အမြန်ဆုံးခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လာမဲ့နွေရာသီကာလအထိ အသင်းကို ထိန်းကျောင်းပေးမဲ့ ယာယီနည်းပြတစ်ဦးနဲ့ အရင်ဆုံးခရီးဆက်ဖို့ ကလပ်အသင်းဘက်က ဆုံးဖြတ်ထားတာပါ။

လက်ရှိမှာ တော့တင်ဟမ်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူတွေထဲမှာ မာဆေးလ်နည်းပြဟောင်း ဒီဇာဘီခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စနာနဲ့ ဘုန်းမောက်နည်းပြ အီရာအိုလာတို့ ပါဝင်နေပါတယ်။ ဒါပေမဲ့ ပရိသတ်တွေ အလိုလားဆုံးနဲ့ အလားအလာအရှိဆုံးကတော့ အသင်းနည်းပြဟောင်း ပိုချက်တီနို ဖြစ်နေပါတယ်။ ပိုချက်တီနိုဟာ လက်ရှိမှာ အမေရိကန်လက်ရွေးစင်အသင်းကို တာဝန်ယူနေရသူဖြစ်ပေမဲ့ သူ့ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။

လာမဲ့ တနင်္လာနေ့မှာတော့ တော့တင်ဟမ်အသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်မှုကို အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ရှေ့သီတင်းပတ်မှာ ကစားရမဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်ခင် အသင်းကို အမြန်ဆုံး ပြင်ဆင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ပိုချက်တီနိုအနေနဲ့ လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းကို ဆက်လက်ဦးဆောင်သွားမှာဖြစ်ပေမဲ့ ရာသီသစ်မစတင်ခင်မှာတော့ တော့တင်ဟမ်ရဲ့ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူလာနိုင်ခြေ ရှိနေပါတယ်။

အခုခန့်အပ်မဲ့ ယာယီနည်းပြဟာ အသင်းကို ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင် အမြဲတမ်းနည်းပြ ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိနေပေမဲ့ ပရိသတ်အများစုကတော့ ပိုချက်တီနိုကိုပဲ တောင်းဆိုနေကြပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟာ အတွေ့အကြုံရင့်ကျက်ပြီး ရလဒ်ကိုချက်ချင်းအပြောင်းအလဲလုပ်ပေးနိုင်မဲ့သူကို ရှာဖွေနေတာကြောင့် အသင်းရဲ့ နောက်ဆုံးဆုံးဖြတ်ချက်က ဘယ်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source : https://www.football.london/

Leave a Reply

Your email address will not be published. Required fields are marked *