ဘရာဇီးလ်ဘောလုံးလောကရဲ့ အိုင်ကွန်တစ်ခုဖြစ်တဲ့ နေမာဟာ ပြီးခဲ့တဲ့နှစ် ဘရာဇီးလ်လိဂ်ပြိုင်ပွဲအပြီးမှာ ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ဘယ်ဘက်ဒူးကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် အခုဆိုရင်တော့ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုလာမဲ့ တနင်္ဂနွေနေ့မှာ ၂၀၂၆ ခုနှစ်အတွင်း ဆန်းတို့စ်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကွင်းအတွင်း ပြန်လည်ခြေချ ကစားတော့မှာပါ။
ဒီပွဲစဉ်ဟာ Paulistão ပြိုင်ပွဲရဲ့ ပထမအဆင့်၊ အဋ္ဌမမြောက်နဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး Vila Belmiro ကွင်းမှာ Velo Clube အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပွဲမကစားခင် အကြိုရက်မှာတော့ နေမာဟာ သူ့အပေါ် “အပျော်အပါးမက်မောသူ” လို့ စွပ်စွဲထားတဲ့ ကောလာဟလတွေကို လူမှုကွန်ရက်ကနေတစ်ဆင့် ပြတ်ပြတ်သားသားနဲ့ နောက်ပြောင် တုံ့ပြန်သွားခဲ့ပါတယ်။
သူတင်ထားတဲ့ ဗီဒီယိုတွေထဲမှာ မော်တော်ကားပေါ်မှာ သီချင်းနားထောင်ရင်း၊ ပျော်ပျော်ပါးပါး ကခုန်ရင်းနဲ့ “ပါတီတက်ချင်တဲ့ အမူအရာ” မျိုးတွေကို ပြသခဲ့ပြီး “ကာနီဗယ်ပွဲတော်ကို မကြိုက်တဲ့သူဟာ အရူးပဲ။ ကျွန်တော်ကတော့ တကယ်ကို ကြိုက်တာ” ဆိုပြီး စာသားလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဆန်းတို့စ်အသင်းဟာ Paulistão ဇယားမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရောက်ရှိနေတာကြောင့် ကွာတားဖိုင်နယ် တက်လှမ်းနိုင်မဲ့ ထိပ်သီး ၈ သင်းစာရင်းထဲ ပါဝင်ဖို့အတွက် အခုပွဲစဉ်မှာ အနိုင်ရရှိဖို့ အင်မတန် အရေးကြီးနေပါတယ်။ ဒီပွဲပြီးရင်တော့ ကစားသမားတွေ အနားရက်အနည်းငယ် ရရှိမှာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ ဗက်စကိုဒဂါးမားအသင်းနဲ့ ဘရာဇီးလ်လိဂ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ နေမာ ပြန်လည်ပါဝင်လာမှုဟာ အသင်းအတွက် ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Source : https://www.beinsports.com/




