အက်တီဟတ်ကွင်းရဲ့ ဘက်ပေါင်းစုံကို လက်သီးလက်မောင်းတန်း အောင်ပွဲခံနေတဲ့ ပက် ဂွါဒီယိုလာရဲ့ ပုံရိပ်နဲ့ ကစားသမားတွေကို ကော့တေးသောက်ပြီး အနားယူဖို့ပြောခဲ့တာက ဒီနိုင်ပွဲဟာ မန်ချက်စတာစီးတီးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသနေပါတယ်။
စိုးရိမ်စိတ်လှုပ်ရှားစရာကောင်းတဲ့ညမှာ မန်စီးတီးက နယူးကာဆယ် ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်ဆီကို “အလှည့်ရောက်ပြီ” ဆိုတဲ့ အချက်ပေးသံကို ပေးပို့လိုက်ပါတယ်။
ဂွါဒီယိုလာက ဒီနိုင်ပွဲအပေါ် ကျေနပ်လွန်းလို့ သူ့ကစားသမားတွေကို ၃ ရက် နားရက်ပေးလိုက်ပြီး “ဘဝကို ပျော်ပျော်ဖြတ်သန်းကြ” လို့ ပြောခဲ့ပါတယ်။
သူပြောသလို တကယ်ပဲ ကော့တေးတွေသောက်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ နိုင်ပွဲအပြီး အောင်ပွဲခံမှုတွေကတော့ တကယ့်ကို ထူးခြားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်ကတော့ ကြားရက်တုန်းက ဝုလ်ဗ်နဲ့ ပွဲမှာ ၂ ဂိုးအသာကနေ သရေကျခဲ့လို့ ဖိအားတွေ ရှိနေပါတယ်။
စနေနေ့ပွဲအပြီးမှာ ဂွါဒီယိုလာရဲ့ စိတ်လှုပ်ရှားမှုတွေဟာ ပရိသတ်တွေနဲ့ တသားတည်းဖြစ်နေခဲ့ပြီး “ဒီရာသီမှာ ပရိသတ်တွေနဲ့ အချိတ်အဆက် အမိဆုံးပွဲပဲ။ အကောင်းဆုံး ခံစားချက်တွေ ရခဲ့သလို ရာသီကုန်အထိ ဒီလိုမျိုး ဆက်သွားဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။
“ဒါက အကောင်းဆုံး ကစားကွက်မျိုးမဟုတ်ပေမဲ့ ကျွန်တော်တို့ အသင်းလိုက် စုစည်းနိုင်ခဲ့ပါတယ်။ ရာသီရဲ့ ဒီလိုအချိန်မျိုးမှာ ဒါက လုပ်ကိုင်ရမဲ့အရာပါပဲ” လို့လည်း သူက ပြောပါတယ်။
အရင်တုန်းက လီဗာပူးနဲ့ အာဆင်နယ်တို့ကို ဖြတ်ကျော်ပြီး ချန်ပီယံဆုယူခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လူအင်အား မတူတော့ပေမဲ့ ဂွါဒီယိုလာလို အနိုင်ရနည်းကိုသိတဲ့ နည်းပြရှိနေတာက အားသာချက်ပါ။ ဒီနိုင်ပွဲက တနင်္ဂနွေနေ့မှာ စပါးနဲ့ ရင်ဆိုင်ရမဲ့ အာဆင်နယ်အတွက် ဖိအားတွေ ပိုတိုးစေပါတယ်။
သူ့အသင်းသား ၇၀ ရာခိုင်နှုန်းလောက်က ချန်ပီယံလမ်းကြောင်းပေါ်မှာ အတွေ့အကြုံမရှိသေးဘူးလို့ ဂွါဒီယိုလာက ယုံကြည်နေပေမဲ့ ရူဘင် ဒီယက်စ်၊ ရိုဒရီနဲ့ ဂွါဒီယိုလာ ကိုယ်တိုင်လို အတွေ့အကြုံရှိသူတွေလည်း ရှိနေပါတယ်။
မီခေးလ် အာတီတာရဲ့ အာဆင်နယ်ဟာ နည်းပြသစ် အီဂေါ တူဒေါ လက်အောက်က စပါးနဲ့ပွဲမှာ ပြန်လည်တုံ့ပြန်ပြဖို့ လိုအပ်နေပါပြီ။ မန်စီးတီးဟာ အရင်လို အမြဲတမ်းခြေစွမ်းပြနိုင်တာမျိုး မဟုတ်ပေမဲ့ နယူးကာဆယ်ရဲ့ ဖိအားပေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာဂိုးမသွေးခဲ့ပေမဲ့ အသင်းအတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ခံစစ်မှာ ကူညီပေးတာ၊ ပြေးလွှား ဖိအားပေးတာတွေအပြင် နီကို အိုရွိုင်လီ အတွက် အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

“ဟာလန်းဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါ။ သူသာမရှိရင် ဒါက မဖြစ်နိုင်ဘူး” လို့ ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။
အိုရွိုင်လီကလည်း ၂ ဂိုးသွင်းပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ် အတွက်လည်း စိတ်ဝင်စားစရာ ဖြစ်လာမှာပါ။
ဘယ်နောက်ခံလူအဖြစ် လူသိများပေမဲ့ အိုရွိုင်လီရဲ့ နေရာစုံကစားနိုင်မှုက အားရစရာပါ။ နယူးကာဆယ်က လူဝစ် ဟောလ် ကလည်း ဂိုးသွင်းနိုင်ခဲ့ပြီး တူချယ်အတွက် နောက်ထပ်ခံစစ်ရွေးချယ်စရာ ဖြစ်လာပါတယ်။ မန်စီးတီးဟာ အရင်တုန်းကလို စက်ရုပ်လို အနိုင်ရနေတဲ့ပုံစံမျိုး မဟုတ်သေးပေမဲ့ အရင်ကအောင်မြင်မှု အတွေ့အကြုံတွေက လာမဲ့အပတ်တွေမှာ အကူအညီ ဖြစ်လာမှာပါ။
အသစ်ရောက်လာတဲ့ ဂိုးသမား ဂျန်လုအီဂျီ ဒွန်နာရမ်မာ ကလည်း မန်စီးတီးနဲ့အတူ အောင်မြင်မှုတွေ ရှာဖွေနေပါတယ်။ သူက ဘောလုံးဖြတ်တင်မှုတွေမှာ အားနည်းချက်ရှိနိုင်ပေမဲ့ အရေးကြီးတဲ့အချိန်မှာ လက်စွမ်းပြတားဆီးနိုင်တဲ့ အလေ့အကျင့်ရှိပါတယ်။
လီဗာပူးနဲ့ပွဲမှာ အလက်ဆစ် မက် အယ်လစ္စတာ ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့သလိုမျိုး အခုလည်း ထပ်လုပ်ပြခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဟာဗေး ဘန်းစ် ရဲ့ ဂိုးဝင်တော့မဲ့ကန်ချက်ကို ဒွန်နာရမ်မာ က အကောင်းဆုံး ပုတ်ထုတ်ကာကွယ်သွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အက်တီဟတ်ကွင်းကြီး တစ်ခုလုံး အောင်ပွဲခံသံတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ကျန်တဲ့ ပွဲတွေအကုန်နိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မယ်ဆိုတဲ့ အနေအထားကို မန်စီးတီး ပြန်ရောက်လာပါပြီ။ အခုတော့ ဖိအားတွေက လန်ဒန်မြောက်ပိုင်းက အာဆင်နယ်ဆီကို ပြောင်းရွှေ့သွားပါပြီ။
Source : https://www.bbc.com/




