ဒေါ့မွန်နဲ့ ၂-ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးမိနစ်ပိုင်းမှာ ချေပဂိုးအပေးလိုက်ရတာကြောင့် လိုက်ပ်ဇစ် နောက်ခံလူ ဒေးဗစ် ရာအမ်က အသင်းရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။
“ကျွန်တော် တကယ့်ကို စိတ်ပျက်မိပါတယ်။ ပွဲပြီးခါနီးကျမှ အခုလိုမျိုးနိုင်ပွဲကို လက်လွှတ်လိုက်ရတာက တကယ့်ကို ဒေါသထွက်ဖို့ကောင်းပါတယ်” လို့ ရာအမ်က ပွဲအပြီးမှာ ပြောပါတယ်။ လိုက်ပ်ဇစ်ဟာ ပွဲတစ်လျှောက်လုံး ပိုကောင်းခဲ့ပြီး ဦးဆောင်ဂိုးလည်းရခဲ့ပေမဲ့ နောက်ဆုံးမိနစ်တွေမှာ အသာစီးကို မထိန်းနိုင်ခဲ့ပါဘူး။ ဒါဟာ အသင်းရဲ့ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ ပြဿနာတစ်ခုလို့ ရာအမ်က ယူဆနေပါတယ်။
“အခုလိုမျိုး ပိုကောင်းနေပြီးမှ အမှတ်တွေဆုံးရှုံးရတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ဆီမှာ အတွေ့အကြုံနဲ့ အခုလို ပွဲမျိုးတွေကို အနိုင်ရအောင် ကစားနိုင်မဲ့ မာကျောတဲ့စိတ်ဓာတ် (Dirty Mentality) မျိုး လိုအပ်နေပါတယ်။ တကယ်ကို ဒေါသထွက်မိတယ်” လို့ သူက ဆိုပါတယ်။ ရာအမ်က အသင်းအနေနဲ့ အရေးကြီးတဲ့ အချိန်တွေမှာ တိုက်စစ်ဆင်ဖို့ထက် ရလဒ်ကောင်းဖို့ကိုပဲ ဦးစားပေးသင့်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီပွဲကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ အနိုင်ရချင်စိတ် ပိုရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့အတ္တတွေကို ဘေးဖယ်ထားပြီး ဂိုးတွေထပ်သွင်းဖို့ထက် ရလဒ်ကို အဆုံးထိထိန်းထားနိုင်ဖို့ ကြိုးစားရမှာပါ။ ဒီထက်ပိုပြီး ကောင်းအောင် လုပ်ရမယ်” လို့ သူက ရှင်းပြပါတယ်။ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း သူက အားမလိုအားမရ ဖြစ်ခဲ့ပါတယ်။
“ဒီနေ့ ဒိုင်ရဲ့ စွမ်းဆောင်ရည်ကလည်း အဆင်မပြေပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကိုတော့ ကျွန်တော် ထပ်ပြီး အကျယ်တဝင့် မပြောချင်တော့ဘူး” လို့ ရာအမ်က ပြောပါတယ်။
ရာအမ်ရဲ့ ဒီလိုခံစားချက်ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေက နိုင်ပွဲကိုလက်လွှတ်ခဲ့ရတဲ့ လိုက်ပ်ဇစ်အသင်းသားတွေရဲ့ စိတ်ပျက်မှုကို ထင်ဟပ်စေသလို အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့လိုအပ်နေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုလည်း မီးမောင်းထိုးပြနေပါတယ်။
Source : https://onefootball.com/




