၁၉၉၂ ခုနှစ်ကစလို့ စတင်ကျင်းပလာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ တလျှောက်တွင် အံ့အားသင့်ဖွယ် မမေ့နိုင်ဖွယ်ရာ အခိုက်အတန့်တွေ အမြဲဆိုသလို ဖြစ်ပျက်နေတက်ပါတယ်။ ဒီပြိုင်ပွဲဟာ ယခင်က ပထမတန်းပြိုင်ပွဲလို့ ခေါ်ဆိုရာကနေ ပရီးမီးယားလိဂ်လို့ပြောင်းလဲ ခေါ်ဆိုပြီး ယခင်ကစည်းမျဉ်းတွေအတိုင်း ဒီပြိုင်ပွဲမှာ ပါဝင်နိုင်ခွင့်ရှိတဲ့ အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဘောလုံးအသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဒီအမှတ်ပေးဖလားလုပွဲဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေကတည်းက အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ကာ အခုဆိုရင် ကမ္ဘာ့အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လို့ နေခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတချို့ ပါဝင်ကစားနေကြသလို လွန်ခဲ့တဲ့ နှစ်၃၀ ကနေ ယခုအချိန်အထိ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကလပ်အသင်းတွေပါ ရှိနေတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး ဥရောပတခွင်မှာ သူမတူတဲ့ ဂုဏ်သိက္ခာမျိုးကို ရရှိထားပါတယ်။
မန်ချက်စတာယူနိုက်အသင်းကတော့ ပရီးမီးယားလိဂ်ဖလားကို ၁၃ကြိမ်ရယူထားပြီး ယခုအချိန်အထိ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နိုင်နေပါတယ်။ ဒါ့အပြင် ဒီနောက်ပိုင်း ခုနှစ်တွေမှာမှ အံ့အားသင့်ဖွယ်အောင်မြင်မှုတွေကို ရယူပြနေတဲ့ ၂၀၁၇-၂၀၁၈ရာသီမှာ ရမှတ် ၁၀၀ အပြည့်ထိရရှိခဲ့ဖူးတဲ့ မန်စီးတီးလိုမျိုး အသင်းတွေလည်း ရှိနေပြန်ပါတယ်။ ၂၀၀၃-၂၀၀၄ ရာသီမှာ ရှုံးပွဲမရှိပဲ ဖလားရယူပြခဲ့တဲ့ ရပ်တန့်မရနိုင်သော အာဆင်နယ်အသင်းရဲ့ မှတ်တမ်းမျိုးတွေဟာလည်း ပရီးမီးယားလိဂ်သမိုင်း တလျောက်မှာ သူမတူတမူရှားတဲ့ မှတ်တမ်းကောင်းတွေ ဖြစ်ပါတယ်။
လောင်းကစားရေးရာ ကျွမ်းကျင်ပညာရှင် ကော်ရယ်လ်က ဒီလိုအချင်းအကြောင်းရာတွေထဲမှာမှ ဘယ်လိုအကြောင်းအရာမျိုးက အခြားအရာတွေထက် ထူးထူးကဲကဲ မှတ်မိကျန်နေပါသလဲဆိုတာကို ဘောလုံးပရိတ်သတ်တွေကို လိုက်လံမေးမြန်းပြီး မှတ်တမ်းပြုစုပေးခဲ့ပါတယ်။ ဒီအထဲကမှ ဘောလုံးပရိတ်သတ်တွေ သတ်မှတ်ပေးခဲ့ကြတဲ့ အောက်မေ့တမ်းတဖွယ် မမေ့နိုင်စရာအကောင်းဆုံး အခိုက်အတန့်(၁၀)ခုကို ပရိတ်သတ်ကြီးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
နံပါတ် (၁၀) – လီဗာပူးလ် ၄ ဂိုး၊ နယူးကာဆယ် ၃ဂိုး ရလဒ်ထွက်ပေါ်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဧပြီလအတွင်းက ပွဲစဉ်
အင်္ဂလန်နိုင်ငံအတွင်းက လီဗားပူးအသင်းနဲ့ နယူးကာဆယ်တို့လိုမျိုး အသင်းတွေရဲ့ ပရိတ်သတ်တွေဟာ မိမိတို့ရဲ့ အသင်းတွေကို အားပေးရာမှာ စိတ်အားထက်သန်မှုအရှိဆုံး ပရိတ်သတ်တွေ ဖြစ်ပါတယ်။ ဒီအသင်းနှစ်သင်း ၁၉၉၆ခုနှစ် ဧပြီလမှာ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ ပွဲစဉ်ကတော့ လုံးဝကို ကျေနပ်အားရဖွယ်အရှိဆုံး ပွဲစဉ်တစ်ခုဖြစ်ပါတယ်။
ထိုစဉ်က ဒီနှစ်သင်းလုံးဟာ သူတို့ရဲ့ အရှေ့ကပွဲစဉ်တွေကို ကိုယ်စီရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်ဖလားအတွက် မန်ယူအသင်းအပါအဝင် သုံးသင်းအကြိတ်အနယ် ရေကုန်ရေခမ်း ယှဉ်ပြိုင်နေခဲ့ကြပါတယ်။ ဒီနှစ်သင်းလုံးက ဇယားထိပ်ဆုံးမှာ ရှိနေတဲ့သရဲနီအသင်းနဲ့ အမှတ်ပိုမိုနီးကပ်လိုနေကြတာဖြစ်လို့ ဒီပွဲမှာ အနိုင်ရရှိရေးက အရမ်းကို အရေးပါပါတယ်။
နှစ်သင်းစလုံးဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းနဲ့ အမှတ်မီလိုက်လိုနေတာဖြစ်လို့ ပွဲစဉ်အတွင်းမှာ နှစ်ဘက်စလုံးက ရှိသမျှအကုန် ပုံအောပေးဆပ်ပြီး ကစားခဲ့ကြတာဖြစ်လို့ ကစားပွဲဟာ အတော်လေး အကြိတ်အနယ်ရှိခဲ့ပြီး ဒရာမာလည်း ဆန်လွန်းလှပါတယ်။
လီဗာပူးတို့ဘက်က ၂ မိနစ်အတွင်းမှာပဲ ရော်ဘီဖောင်လာရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ငှက်ကျားတွေဘက်ကလည်း လက်စ်ဖာဒီနန်နဲ့ ဒေးဗစ်ဂျီနိုလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်း မပြီးဆုံးမီမှာပဲ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၅၅ မိနစ်အရောက်မှာတော့ ဖောင်လာက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ဖောစတီနိုအက်စ်ပရဲလ်လာရဲ့ သွင်းဂိုးကြောင့် ဧည့်သည်အသင်းကပဲ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ စတန်ကိုလီမိုးက အိမ်ရှင်အသင်းအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပေးလိုက်တာကြောင့် ကြိုးကြာနီတို့ အောင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး အန်ဖီးကွင်းကြီးထဲမှာ ကြိုးကြားနီ ပရိတ်သတ်တွေရဲ့ အာပေးသံတွေ တသောသောညံနေခဲ့ပါတော့တယ်။
နံပါတ် (၉) – ဟိုဆေးမော်ရင်ညိုရဲ့ မိတ်ခွန်းဆက်စကား
ဘောလုံးပရိတ်သတ်တွေရဲ့ အချစ်တော်ကြီး ဟိုဆေးမော်ရင်ညိုကတော့ အင်္ဂလန်မြေကို ၂၀၀၄ ခုနှစ်မှာ နည်းပြအဖြစ် စတင်ခြေချခဲ့တာဖြစ်ပြီး ထိုစဉ်ကပေါ်တိုမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အားသစ်လောင်းပုံသွင်းနေတဲ့ ချဲလ်ဆီးအသင်းက သူ့ကို နည်းပြအဖြစ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီသားနည်းပြကြီးကတော့ ပထမဦးဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကတည်းက ဘောလုံးပရိတ်သတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ သူက သူ့ကိုယ်သူ “စိတ်ကြီးဝင်နေတဲ့ လူ”မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပေမဲ့ အားလုံးကြားနေကြတဲ့အတိုင်း သူ့ကိုသူ “The Special One”လို့ ပြောဆိုသုံးနှုန်းသွားခဲ့ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးနည်းပြအဖြစ် ၂ ကြိမ်တာဝန်ယူခဲ့တဲ့ မော်ရင်ညိုဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးအထိ အရယူပေးနိုင်ခဲ့တာ ဖြစ်လို့ “The Special One” ဆိုတဲ့ နာမည်ပြောင်ဟာ သူနဲ့လိုက်ဖက်စွာ ထင်ကျန်နေခဲ့ပါတော့တယ်။
နံပါတ် (၈) – “ကလေးတွေနဲ့ကတော့ ဘာကိုမှ မနိုင်နိုင်ဘူး” ဆိုတဲ့ ဟန်ဆင်ရဲ့ မှတ်ချက်စကား
အလန်ဟန်ဆန်ဟာ သူ့ရဲ့ဂုဏ်သိက္ခာကို တည်ဆောက်နိုင်ခဲ့တဲ့ အရမ်းကောင်းခဲ့တဲ့ လီဗာပူးခံစစ်မှူး တစ်ဦးဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းကို ပထမတန်းအဆင့််ဖလား(ယခု ပရီးမီးယားလိဂ်) ၈ကြိမ်နဲ့ ဥရောပ ချန်ပီယံကလပ်များဖလား(ချန်ပီယံလိဂ်) ၃ကြိမ်အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
သူဟာ ၁၉၉၁ခုနှစ်မှာ ဘောလုံးလောကမှ အနားယူခဲ့ပြီး မီဒီလောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။ မီဒီယာလောကမှာ လုပ်ကိုင်နေရင်းကနေပဲ ၁၉၉၅ခုနှစ်မှာ အခုလို အထင်ကရမှတ်ချက်တစ်ခုကို ပြောကြားမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနှစ်က ရာသီဖွင့်ဖွင့်ချင်းနေ့မှာ မန်ယူအသင်းက အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဟန်ဆန်က ဒီအသင်းအနေနဲ့ “ကလေးတွေနဲ့ကတော့ ဘာကိုမှ မနိုင်နိုင်ဘူး” ဆိုတဲ့ စကားကို မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီမှတ်ချက်စကားဟာ သရဲနီအသင်းမှ ပေါလ်အင်စီ၊ မာ့ခ်ဟျုခ်ျနဲ့ အန်ဒရီကန်ချယ်လ်စကီးစ်တို့လို ကစားသမားတွေကို ထွက်ခွာစေပြီး သူတို့တွေရဲ့နေရာမှာ လူငယ်ကစားသမားတွေနဲ့ အစားထိုးလာတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလူငယ်ကစားတွေကတော့ နစ်ကီဘတ်၊ ဂယ်ရီနဗ္ဗီးလ်၊ ပေါ်လ်စခိုးလ်စ်နဲ့ ဒေးဗစ်ဘက်ခ်ဟမ်းတို့ ဖြစ်ကြပြီး နောက်ပိုင်းမှာတော့ “The Class of 92” လို့ လူသိများကျော်ကြားခဲ့သူတွေပါ။
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အဆိုပါအသင်းဟာ အဲ့ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီး နောက်နှစ်ပေါင်းများစွာတိုင်အောင် ဘောလုံးလောကတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အလွဲကြီးလွဲခဲ့တဲ့ အလန်ဟန်ဆန်ပါပဲ။
နံပါတ် (၇) – Agueroooooooooo!!!
ဒီအဖြစ်အပျက်ကတော့ ဆာဂျီယိုအဂွဲရိုးကို အရင်းတည်ပြီး ဖြစ်ပွားခဲ့တဲ့ လိဂ်သမိုင်းတလျောက် မမေ့ပျောက်နိုင်ဖွယ် အမှတ်တရ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။
အဆိုပါအထောင်တိုက်စစ်မှူးဟာ ၂၀၁၂ခုနှစ်မှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလားရရှိစေနိုင်မဲ့ ဂိုးကို QPR အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းယူပေးခဲ့ပါတယ်။
အာဂျင်တီးနား အထောင်တိုက်စစ်မှူးဟာ ပွဲကစားချိန် ၉၃.၂၀မိနစ်မှာ ဝင်ရောက်လာခဲ့ပြီး ရော်ဘတ်တိုမန်ချီနီရဲ့ မန်စီတီးအသင်းအတွက် လန်ဒန်အခြေစိုက် ကျူပီအာအသင်းကို အနိုင်ရရှိစေနိုင်ဖို့အတွက် ၃ဂိုး၊ ၂ဂိုးရလဒ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီအနိုင်ဂိုးဟာ ဆန်းဒါးလန်းအသင်းကို အနိုင်ရရှိထားကာ ပရီးမီယားလိဂ်ဖလားကို အရယူနိုင်ပြီလို့ တထစ်ချ ယုံကြည်နေခဲ့ကြတဲ့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ သူ့ရဲ့မန်ယူအသင်းတို့ရဲ့ အသည်းတွေကို ရိုက်ခွဲပစ်လိုက်တဲ့ သမိုင်းသွင်းဂိုးတစ်ဂိုးပါ။
ဒီဂိုးကို ကစားပွဲနောက်ခံစကားပြောသူ မာတင်တိုင်လာရဲ့ ရာဇဝင်တွင်တဲ့ Agueroooooooooo!!! ဆိုတဲ့ အော်သံကြီးနဲ့လည်း လူတွေအမှတ်တရရှိကြပါတယ်။
အဲ့ဒီနေ့ဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ပထမဆုံးရရှိခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပြီး အဲ့ဒီနေ့ကစလို့ မန်စီးတီးတို့ဟာ ဘောလုံးလောကကို တဖြည်းဖြည်း လွှမ်းမိုးနိုင်လာခဲ့ပြီး ယခုဆိုရင် လိဂ်ဖလားကို ၇ ကြိမ်တိုင်တိုင်ဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
နံပါတ် (၆) – စတီဗင်ဂျရတ် ချော်လဲမှု
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းခဲ့တဲ့အချိန်ကစလို့ ယခုအချိန်ထိ လိဂ်သမိုင်းတလျောက်မှာ ဖလားတစ်ကြိမ်သာ ရရှိထားသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအဖြစ်အပျက်သာ မဖြစ်ပွားခဲ့ဘူးဆိုရင် ကြိုးကြာနီတို့ဟာ ပရီးမီယားလိဂ်ကို နှစ်ကြိမ်လောက် အနိုင်ရရှိခဲ့မှာပါ။
၂၀၁၄ ခုနှစ် ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်က ကြိုးကြာနီတွေဟာ အဲ့ဒီရာသီတုန်းက ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေခဲ့ပါတယ်။ သူတို့ဟာ ပြိုင်ဘက်အသင်း မန်စီးတီးအသင်းကို အမှတ် ၅ မှတ် ဖြတ်ထားနိုင်ခဲ့ပြီးတော့ ရာသီသိမ်းဖို့ကလည်း လက်ကျန်ကစားပွဲ၃ပွဲသာ ကျန်တော့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံရင်ဆိုင်ရတဲ့ ပွဲစဉ်ကိုသာ အနိုင်ရရှိလိုက်ရင်တော့ ပရီးမီးယားလိဂ်ဖလားကို အမိအရဆုပ်ယူနိုင်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ နှစ်ဘက် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေစဉ်မှာပဲ ကံဆိုးမိုးမှောင်ကျလာခဲ့ပါတယ်။
ကြိုးကြာနီတို့ရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ကြီးဖြစ်တဲ့ စတီဗင်ဂျရတ်တစ်ယောက် ဘောလုံးကို ဆွဲလာရင်းနဲ့ ချော်လဲခဲ့ပြီး ဘောလုံးက ချဲလ်ဆီးကစားသမား ဒမ်ဘာဘာဆီရောက်ရှိသွားခဲ့ကာ ဒမ်ဘာဘာက ဦးဆောင်ဂိုးကိုသွင်းယူသွားနိုင်ခဲ့ပါတယ်။
အဆိုပါကစားပွဲဟာ ၀ ဂိုး၊ ၂ ဂိုးရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး လီဗာပူးအသင်းဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာပါ ထပ်မံရှုံးနိမ့်ခဲ့လို့ အဲ့ဒီနှစ်က ပရီးမီးယားလိဂ်ဖလားဟာ မန်စီးတီးအသင်းကိုသာ ပေးအပ်ခဲ့ရပါတယ်။
နံပါတ် (၅) – ဝိန်းရွန်းနီရဲ့ Overhead Kick
ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ မန်ချက်စတာဒါဘီပွဲစဉ်တွေဟာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်တွေထဲမှာ ပါဝင်နေပါတယ်။ ဒီပွဲစဉ်တွေထဲမှာလည်း မန်စီးတီးအသင်းက မန်ယူအသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေလိုမျိုး အံ့အားသင့်စရာပွဲစဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီပွဲစဉ်တွေထဲက သွင်းဂိုးတစ်ဂိုးကတော့ ယနေ့ထက်တိုက် ပြောစမှတ်တွင်နေဆဲ ကိစ္စတစ်ခုဖြစ်နေခဲ့ပြီး အဆိုပါဂိုးကိုတော့ မန်ယူအသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးကြီး ဝိန်းရွန်းနီက သွင်းယူပေးသွားခဲ့တာပါ။
၂၀၁၁ ခုနှစ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်တစ်ခုမှာတော့ မန်ယူနဲ့ မန်စီးတီးတို့ဟာ နာနီနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ အပြိုင်သွင်းဂိုးတွေကြောင့် တစ်ဘက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် ၇၈ မိနစ်အရောက်မှာတော့ ဝိန်းရွန်းနီက ကစားသမားတွေရော ပွဲကြည့်ပရိတ်သတ်တွေကိုပါ ပါးစပ်အဟောင်းသားဟနေစေခဲ့တဲ့ အလန်းစား Overhead Kick နဲ့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ဒီသွင်းဂိုးကို ပရီးမီးယားလိဂ်သမိုင်းတလျောက် အလှဆုံးသွင်းဂိုးအဖြစ် မကြာခဏဆိုသလို ပြောဆိုသတ်မှတ်ကြလေ့ ရှိပါတယ်။
နံပါတ် (၄) – ကီဗင်ကီးဂန်းရဲ့ “love it”လို့ စိန်ခေါ်ပြောဆိုမှု
ကလပ်အသင်းမန်နေဂျာတွေဟာ ပရီးမီးယားလိဂ်ရဲ့ ရာဇဝင်ဇာတ်လမ်းတွေကို ဖန်တီးရာမှာ အဓိကနေရာကနေ ပါဝင်နေကြသူတွေလည်း ဖြစ်ပါတယ်။
အဲ့ဒီလို ဖြစ်ရပ်တွေထဲက တစ်ခုကတော့ ၁၉၉၅-၉၆ ရာသီရဲ့ ဖလားလမ်းကြောင်းမှာ ရောက်ရှိနေခဲ့တဲ့ နည်းပြကီဗင်ကီဂန်းရဲ့ ရေရွတ်ပြောဆိုမှု တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရာသီမှာ နယူးကာဆယ်အသင်းဟာ မန်ယူအသင်းနဲ့ အပြိုင်ဖလားလုနေခဲ့တဲ့ အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ လိဒ်စ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လက်ကျန်ကစားပွဲကလည်း ၃ ပွဲသာကျန်ရှိတော့တာ ဖြစ်ပါတယ်။
ငှက်ကျားတို့ဟာ အဆိုပါအသင်းကို ၁ဂိုးဂိုးမရှရလဒ်ဖြင့် အနိုင်ရရှိခဲ့ကာ ဖာဂူဆန်က သူ့ရဲ့အသင်းက ဖလားစိန်ခေါ်နိုင်ပါ့မလားလို့ သံသယအဝင်ခံခဲ့ရတဲ့ နယူးကာဆယ်နည်းပြဟာ အကြီးအကျယ်အော်ဟစ်ပြီး အောင်ပွဲ ခံပါတော့တယ်။
“ငါပြောလိုက်မယ်၊ သူ့ကို ငါအခု ပြောလိုက်မယ်။ အခုမင်းဒီပွဲကိုကြည့်နေရင် ငါတို့ကောင်တွေက ဖလားအတွက် တိုက်ပွဲဝင်နေတုန်းပဲကွ။ ပြီးတော့ သူက မစ်ဒယ်ဘရော့ကို သွားရဦးမှာ ဘာမဆိုဖြစ်သွားနိုင်သေးတယ်။ ငါပြောလိုက်မယ်နော်။ သူတို့ကောင်တွေကို ငါတို့ အနိုင်ယူနိုင်ရင် အဲ့ဒါကို ငါသဘောကျမိမှာပါ” လို့ အော်ဟစ် စိန်ခေါ်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နယူးကာဆယ်က လက်ကျန် နှစ်ပွဲဖြစ်တဲ့ တော့တင်ဟမ်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့နဲ့ ပွဲတွေမှာ သရေကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်ယူအသင်းက မစ်ဒယ်ဘရော့အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့ပါတယ်။
နံပါတ် (၃) – မဖြစ်နိုင်တာကို လုပ်ပြခဲ့တဲ့ မြေခွေးပြာများ
ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျောက်လုံးမှာ များသောအားဖြင့် အသင်းကြီးတွေကပဲ လွှမ်းမိုးထားလေ့ရှိပါတယ်။ သို့သော်လည်းပဲ ၂၀၁၅-၂၀၁၆ရာသီတုန်းကတော့ အသင်းတစ်သင်းက လူအများစုက မဖြစ်နိုင်ဘူးလို့ ထင်ထားတာကိုမှ လုပ်ပြနိုင်ခဲ့ပါတယ်။
လက်စတာစီးတီအသင်းဟာ အဲ့ဒီရာသီမတိုင်ခင် ရာသီကတော့ ပရီးမီးယားလိဂ်မှာ ပါဝင်ခွင့်ရနိုင်ဖို့ အသည်းအသန်ကြိုးစား ထားခဲ့ရတာဖြစ်ပြီး ကလပ်ရဲ့နည်းပြ နိုင်ဂျယ်ပီယာဆင်ရဲ့ နေရာမှာ ကလောဒီယိုရန်နီရီနဲ့ အငြင်းပွားဖွယ် အစားထိုးခဲ့တာပါ။
အီတလီသားနည်းပြက နွေရာသီမှာ အန်ဂိုလိုကန်တီ၊ ရောဘတ်ဟုထ်နဲ့ ရှင်းဂျိအိုကဇာကီတို့ကို ခေါ်ယူကာ အသင်းမှာ ရှိနေပြီးသားဖြစ်တဲ့ ဂျေမီဗာဒီနဲ့အတူ အသင်းကို တိုးတက်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒီအသင်းဟာ ရာသီတစ်ခုလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအတားအဆီး မှန်သမျှကို ဖြတ်ကျော်ပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးပြနိုင်ခဲ့ပါတယ်။ လက်စတာစီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်လွန်းတာကြောင့် ရာသီအစမှာတုန်းက လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရနိုင်ချေဟာ အပုံ ၅၀၀၀ ပုံမှာ ၁ ပုံသာရှိတယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။
နံပါတ် (၂) – ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ ကွင်းလယ်စည်းမှ သွင်းယူခဲ့တဲ့ဂိုး
ဒေးဗစ်ဘက်ခ်ဟမ်းဟာ အကြောင်းကိစ္စပေါင်းမြောက်မြားစွာကြောင့် အမည်ကျော်ကြားလှသူတစ်ဦးဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် ဂရိဘက်ကို ကန်သွင်းခဲ့တဲ့ သူ့ရဲ့ ဖရီးကစ်တို့၊ သူ့ရဲ့အင်္ဂလန်ဂျာစီတို့ ကွင်းပြင်ပမှာလည်း စူပါစတားဖြစ်နေမှု စတာတွေကြောင့် သူဟာ အရမ်းကို ကျော်ကြားလွန်းသူ တစ်ဦးဖြစ်ပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်နဲ့ ပတ်သတ်လာရင်တော့ သူ့ရဲ့အကျော်ကြားဆုံး အဖြစ်အပျက်ဟာ ဝင်ဘယ်ဒန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သူ့ရဲ့သွင်းဂိုးလို့ဆိုရပါမယ်။
ထိုစဉ်က အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ မျက်နှာသစ်ကစားသမား ဒေးဗစ်ဘက်ခ်ဟမ်းဟာ သူ့ရဲ့အမည်ကို အင်္ဂလန်တခွင်မှာရှိတဲ့ ဘောလုံးချစ်ပရိတ်သတ်တွေရဲ့ ဦးဏှောက်ထဲကို မှတ်ထင်စေနိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
အဆိုပါသွင်းဂိုးကို သွင်းယူခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်းက ဝင်ဘယ်ဒန်အသင်းကို နှစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နေပြီး ကစားပွဲကန်နေရင်းနဲ့ ကွင်းလယ်စည်းလောက်မှာ ဘောလုံးကို ကိုင်ထားခဲ့တဲ့ ဒေးဗစ်ဘက်ခ်ဟမ်းဟာ တစ်ဘက်ဂိုးသမား နေးလ်ဆူလီဗင် နေယူမှားနေတာကို သတိထားမိခဲ့ပါတယ်။ ဒီအချိန်မှာတော့ ဒေးဗစ်ဘက်ခ်ဟမ်းက အားပါတဲ့ကန်သွင်းချက်နဲ့ ဘောလုံးကို လေပေါ်သို့ပစ်ကန်ခဲ့ပြီး သွင်းဂိုးသွင်းယူဖို့ကြိုးစားခဲ့ရာမှာ ဂိုးဝင်သွားခဲ့ပါတယ်။ ထိုစဉ်ကတည်းကစလို့ ဒီလိုမျိုးသွင်းဂိုးတွေကို ကစားသမား တချို့တလေက သွင်းယူပြနိုင်ခဲ့ပေမဲ့လည်း ကွင်းလယ်သွင်းဂိုးတွေရဲ့ အမှတ်အသားဟာ ဒေးဗစ်ဘက်ခ်ဟမ်းသာ ဖြစ်လို့နေပါတော့တယ်။
နံပါတ် (၁) ကန်တိုနာရဲ့ ကွန်ဖူးကန်ချက်
အဲရစ်ကန်တိုနာဟာ ပရီးမီးယားလိဂ်ရဲ့ မမေ့နိုင်ဖွယ်အကောင်းဆုံး ကစားသမားများစာရင်းမှာဆိုရင်လည်း ထိပ်ဆုံးကပါဝင်နေမဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ဒီတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အောက်မေ့တမ်းတဖွယ် မမေ့နိုင်စရာ အခိုက်အတန့်များ စာရင်းမှာလည်း သူ့ရဲ့အပြုအမူက ထိပ်ဆုံးက ပါနေခဲ့တာလည်း မဆန်းကျယ်လှပါဘူး။
၁၉၉၅ ခုနှစ်က မန်ယူအသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ ရင်ဆိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တစ်ခုမှာ ပွဲကြည့်ပရိတ်သတ်တစ်ဦးက ကန်တိုနာကို အော်ဟစ်ဆဲဆိုခဲ့ပါတယ်။ ဒီအချက်ကို ကန်တိုနာက ဒေါသဖြစ်သွားခဲ့ပါတယ်။
ဒေါသတကြီး ဖြစ်နေခဲ့တဲ့ ကန်တိုနာဟာ အဆိုပါပရိတ်သတ်ကို စကားလုံးနဲ့သာ တုန့်ပြန်ဖို့မရွေးချယ်ခဲ့ပဲနဲ့ ပွဲကြည့်စင်ဘက်ကို ဆွေ့ကနဲ့ ခုန်လိုက်ပြီး အဆိုပါပရိတ်သတ်ရဲ့ ရင်ဝတည့်တည့်ကို ခြေစုံပစ်ကန်ခဲ့ပါတယ်။ ဒါကြောင့်မလို့ ကန်တိုနာလည်း တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
သူ့ကို ဘောလုံးအဖွဲ့ချုပ်ဘက်မှ အပြစ်ပေးမှုက ဒီမှာတင်မပြီးသွားခဲ့ဘဲ ဘောလုံးလောကကနေ ၉ လ ဘန်းကာ ဒဏ်ငွေပေါင် ၂၀၀၀၀ ရိုက်ခံခဲ့ရပါသေးတယ်။ တရားရုံးကတော့ သူ့ကို ထောင်ဒဏ် ၂ ပတ်ချမှတ်ခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ လူမှုဝန်ဆောင်မှု နာရီပေါင်း ၁၂၀ လုပ်ဆောင်ဖို့ လျော့ချပေးခဲ့ပါတယ်။
ယခုတင်ပြပေးသွားခဲ့တာတွေကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အောက်မေ့တမ်းတဖွယ် မမေ့နိုင်စရာ အခိုက်အတန့်များပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့လည်း ကိုယ်တိုင်မှတ်မိနေခဲ့တဲ့ အကြောင်းအရာလေးတွေ ရှိနေရင်လည်း ကွန်းမန့်မှာ လွတ်လပ်စွာ မှတ်ချက်ပေး မျှဝေပေးခဲ့နိုင်ပါတယ်။
#xda77 #xda77digital #ပရီးမိးယားလိဂ်