နာဇီအလေးပြုဟန် လုပ်ခဲ့တဲ့ ပရိသတ်ကို ရီးရဲလ်မက်ဒရစ် ပြင်းပြင်းထန်ထန် အရေးယူတော့မည်

ရီးရဲလ်မက်ဒရစ်နှင့် လူမျိုးရေးခွဲခြားမှု

ရီးရဲလ်မက်ဒရစ်အသင်းဟာ နာဇီအလေးပြုဟန် လုပ်ခဲ့တယ်လို့ယူဆရတဲ့ ပရိသတ်တစ်ဦးကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်ပရိသတ်တစ်ဦးက နာဇီအလေးပြုဟန် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကလပ်အသင်းဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ဘာနေဗျူးကွင်းမှာ ပွဲမစခင် ရုပ်သံကင်မရာတွေက ပရိသတ် ၈၃,၀၀၀ ကြားထဲကို လှည့်ပြနေချိန်မှာ အဲ့ဒီပရိသတ်ဟာ ဖက်ဆစ်အလေးပြုဟန်ကို လုပ်ပြနေတာကို တွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် လုံခြုံရေးဝန်ထမ်းတွေက အဲ့ဒီလူကို ချက်ချင်းပဲ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ကွင်းထဲကနေ မောင်းထုတ်လိုက်ပါတယ်။

အဲ့ဒီပွဲမှာ ရီးရဲလ်က ပေါ်တူဂီကလပ် ဘင်ဖီကာကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စပိန်ကလပ် ရီးရဲလ်ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီပရိသတ်ကို အသင်းကနေ အပြီးအပိုင်ထုတ်ပယ်ဖို့အတွက် စည်းကမ်းထိန်းထိန်းသိမ်းရေးကော်မတီကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ “အားကစားနဲ့ လူ့အဖွဲ့အစည်းကြားမှာ အကြမ်းဖက်မှုနဲ့ အမုန်းတရားတွေကို လှုံ့ဆော်ပေးတဲ့ ဒီလိုလုပ်ရပ်မျိုးကို ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ လစ္စဘွန်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ရီးရဲလ်တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာကို ဘင်ဖီကာကစားသမား ပရက်စတီယားနီးက လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီပွဲရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ပရက်စတီယားနီးရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတယ်လို့ ဒိုင်လူကြီးကို တိုင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူနဲ့အတူ ရီးရဲလ်ကစားသမားတွေဟာ ကွင်းထဲကနေ ထွက်သွားခဲ့ကြတာကြောင့် ပွဲကို ၁၀ မိနစ်လောက် ရပ်နားခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ အာဂျင်တီးနားတောင်ပံကစားသမား ပရက်စတီယားနီးဟာ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ယူအီးအက်ဖ်အေက ဘင်ဖီကာရဲ့ အယူခံကိုပယ်ချခဲ့တာကြောင့် သူဟာ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။ ယူအီးအက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာတော့ သူဟာ နောက်ထပ်ပြစ်ဒဏ်တွေလည်း ထပ်တိုးခံရနိုင်ခြေ ရှိနေပါသေးတယ်။

မိနစ် ၈၀ မှာ ရီးရဲလ်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဗီနီစီးယပ်စ်ကို အိမ်ကွင်းပရိသတ်တွေက ဝန်းရံပေးခဲ့ကြပြီး ပွဲမစခင်မှာလည်း “လူမျိုးရေးခွဲခြားမှုကို အလိုမရှိ” ဆိုတဲ့ စာတန်းကို ကွင်းထဲမှာ ချိတ်ဆွဲပြီး အားပေးခဲ့ကြပါတယ်။ သူ့ရဲ့အသင်းဖော် ချူအာမန်နီကလည်း “ဒီနိုင်ပွဲဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်နေသူတွေ အားလုံးအတွက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *