ဟာလန်းကို အားကျစေခဲ့တဲ့ တိုက်စစ်မှူး ၄ ယောက်နဲ့ သူချိုးဖျက်နေတဲ့ စံချိန်များ

ဟာလန်းကို အားကျစေခဲ့တဲ့ တိုက်စစ်မှူး ၄ ယောက်

ဟာလန်းက သူအတုယူခဲ့ရတဲ့ အကောင်းဆုံးတိုက်စစ်မှူး ၄ ယောက်အကြောင်း ပြောပြခဲ့ပြီး အဲ့ဒီထဲမှာ ဇလာတန်အီဗရာဟီမိုဗစ် နဲ့ ဂျေမီ ဗာဒီတို့ ပါဝင်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဟာလန်းဟာ ဒီရာသီမှာ စံချိန်တွေကို ဆက်တိုက်ချိုးဖျက်နေပြီး ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ ပြည့်ဖို့ အမြန်ဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီနော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးအတွက် ၁၈၄ ပွဲမှာ ၁၅၃ ဂိုးအထိ သွင်းယူပေးထားပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၂၂ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေသလို ရွှေဖိနပ်ဆုကိုလည်း ထပ်မံရယူဖို့ နီးစပ်နေပါတယ်။

TNT Sports နဲ့ အင်တာဗျူးမှာတော့ ဟာလန်းက သူပရီးမီးယားလိဂ်ကို မရောက်ခင်က ဘယ်သူတွေကို အတုယူခဲ့လဲဆိုတာနဲ့ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတွေအဖြစ် ဘယ်သူတွေကို လေးစားအားကျလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော် ငယ်ငယ်တုန်းက ဇလာတန် ကစားတာကို အများကြီးကြည့်ခဲ့ဖူးတယ်။ သူက ဆွီဒင်လူမျိုးဖြစ်ပြီး ကစားတာကလည်း ကြည့်လို့ကောင်းပါတယ်။ ပြီးတော့ မန်စီးတီးပွဲတွေကို အမြဲကြည့်ဖြစ်တာကြောင့် ဆာဂျီယို အဂူရို ကစားတာကိုလည်း အများကြီးကြည့်ခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

“ပြီးတော့ ပရီးမီးယားလိဂ်က ရော်ဘင် ဗန်ပါစီ လည်း ရှိပါသေးတယ်။ သူက ကျွန်တော့်လိုပဲ ဘယ်ခြေအားသန်သူဖြစ်ပြီး အဆုံးသတ်တာတွေက တကယ်ကို လန်းပါတယ်။ သူ အာဆင်နယ်မှာ တစ်ရာသီတည်း ၃၈ ဂိုးလောက် သွင်းခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်။ အဲ့ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုပါပဲ။ ဂျေမီ ဗာဒီ ဆိုရင်လည်း သူပြေးလွှားပုံတွေက မြင်ရတာ တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော် တိုက်စစ်မှူးတွေ အများကြီးကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဗာဒီဟာ ပရီးမီးယားလိဂ်မှာ ၁၃၆ ဂိုး သွင်းယူခဲ့ပြီး ဗန်ပါစီက ၁၄၄ ဂိုး၊ အဂူရိုက ၁၈၄ ဂိုးနဲ့ အီဗရာဟီမိုဗစ်ကတော့ မန်ချက်စတာယူနိုက်တက်အတွက် ၅၃ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ အဂူရိုရဲ့စံချိန်ကို အမီလိုက်နေပြီး နောက်ရာသီအကုန်အထိ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် အဂူရိုရဲ့ ပရီးမီးယားလိဂ်ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာ သူဟာ လိဂ်ထဲက တခြားကစားသမားတွေထက် ၅ ဂိုး ပိုသွင်းထားပြီး ဒီတစ်ပတ် လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာလည်း နောက်ထပ်ဂိုးတွေထပ်သွင်းဖို့ ပစ်မှတ်ထားနေပါတယ်။

Source : https://www.tribalfootball.com/

Leave a Reply

Your email address will not be published. Required fields are marked *