လီဗာပူးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကာကွယ်ရေးက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပြီးဆုံးသွားခဲ့ပြီလို့ ဆိုနိုင်ပေမဲ့ သူတို့အတွက် ရာသီကို ကယ်တင်ဖို့ အခွင့်အရေး တစ်ခုတော့ ကျန်ပါသေးတယ်။ ဝုလ်ဗ်ကို နောက်ဆုံးမိနစ် ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ၃ ရက်အကြာမှာတော့ အာနေး စလော့ရဲ့ လီဗာပူးအသင်းဟာ FA Cup ကွာတားဖိုင်နယ် တက်လှမ်းနိုင်ဖို့ ဝုလ်ဗ်အသင်းရဲ့ မိုလီနူးကွင်းကို ပြန်သွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အန်ဒီ ရောဘတ်ဆင်၊ မိုဟာမက် ဆာလက်နဲ့ ကာတစ် ဂျုန်းစ်တို့ရဲ့ ဂိုးတွေကြောင့် ၃-၁ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
လာမဲ့ အင်္ဂါနေ့မှာ တူရကီမြေမှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ် ကစားဖို့ရှိနေတာကြောင့် အရာအားလုံးက ဆုံးရှုံးသွားပြီလို့တော့ ပြောလို့မရသေးပါဘူး။ လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ “စလော့အနေနဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုခုရယူဖို့ အခွင့်အရေး ကောင်းရှိနေသေးတယ်” လို့ ဆိုပါတယ်။ စလော့ဟာ ပရိသတ်တွေနဲ့ ဂျာနယ်လစ်တွေရဲ့ မေးခွန်းထုတ်မှုတွေကြားမှာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၄၅၀ သန်း အကုန်အကျခံ စားရိတ်သုံးထားပေမဲ့ ရလဒ်တွေက မငြိမ်မသက်ဖြစ်နေတာကြောင့် စလော့အတွက်တော့ သူ့ရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံး ရာသီတစ်ခု ဖြစ်နေပါတယ်။ အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း “ဒီရာသီက အကြောင်းအမျိုးမျိုးကြောင့် တကယ်ကို ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်နေပြီး FA Cup က ကျွန်တော်တို့အတွက် အမြဲတမ်း အရေးကြီးပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။
ဒန်နီ မာဖီကတော့ စလော့အနေနဲ့ အလုပ်မပြုတ်ချင်ရင် FA Cup ဒါမှမဟုတ် ချန်ပီယံလိဂ်တစ်ခုခုကို ရယူနိုင်ဖို့လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ ဝုလ်ဗ်နဲ့ပွဲမှာ ဆာလက်၊ ရောဘတ်ဆင်နဲ့ ဂျုန်းစ်တို့လို ဝါရင့်တွေက အစွမ်းပြခဲ့သလို ၁၇ နှစ်သားလေး ရီယို အဂူမိုဟာ ကလည်း သူ့ရဲ့ တစ်ယောက်ချင်း ကျော်ဖြတ်နိုင်စွမ်းတွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
စလော့ကတော့ “၁၇ နှစ်အရွယ်နဲ့ အခုလိုမျိုး ပွဲအပေါ် သက်ရောက်မှုရှိအောင် ကစားနိုင်တာက တကယ်ကိုထူးခြားပါတယ်” လို့ အဂူမိုဟာရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပါတယ်။
Source : https://www.bbc.com/




