“ကျွန်တော် အကောင်းဆုံး ပုံစံမှာ ရှိနေတယ်” – မန်စီးတီးကို သတိပေးလိုက်တဲ့ ဗီနီစီးယပ်စ် ဂျူနီယာ

ကျွန်တော် အကောင်းဆုံး ပုံစံမှာ ရှိနေတယ် ဗီနီစီးယပ်စ် ဂျူနီယာ

“ကျွန်တော် အကောင်းဆုံး ပုံစံမှာ ရှိနေတယ်” ဆိုပြီး ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရတော့မဲ့ မန်ချက်စတာစီးတီး အသင်းကို ပြတ်သားတဲ့ သတိပေးချက်တစ်ခု ပေးပို့လိုက်ပါတယ်။

ဆယ်လ်တာဗီဂိုကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်မှာ ဗီနီဂျူနီယာက သူဟာ လက်ရှိမှာ အကောင်းဆုံး အခြေအနေကို ရောက်နေတယ်လို့ အခိုင်အမာ ပြောကြားခဲ့တာပါ။

“ကျွန်တော့်ဘဝမှာ အကောင်းဆုံး ပုံစံကို ရောက်နေတယ်လို့ ခံစားရတယ်” လို့ ဘရာဇီးလ်ကြယ်ပွင့်က ဆိုပါတယ်။ သူဟာ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့အတူ နေ့တိုင်း ကြိုးစားအားထုတ်မှုကြောင့် အခုလို ခြေစွမ်းတည်ငြိမ်နေတာ ဖြစ်သလို ဂိုးသွင်းဖို့နဲ့ ခံစစ်မှာ ကူညီပေးဖို့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်လို့ ပြောပါတယ်။

“ဒီအဆင့်ကို ထိန်းထားနိုင်ဖို့ နည်းပြတွေ၊ အသင်းဖော်တွေနဲ့အတူ နေ့တိုင်း အစွမ်းကုန် ကြိုးစားနေပါတယ်။ ဂိုးရှေ့မှာလည်း ယုံကြည်မှုရှိသလို အသင်းရဲ့ တိုက်စစ်ရော ခံစစ်မှာပါ ကူညီပေးနိုင်လောက်အောင် သန်စွမ်းနေတယ်လို့ ခံစားရတယ်” လို့ သူက ဆက်ပြောပါတယ်။

ပွဲစဉ်တွေ ဆက်တိုက်ကစားခဲ့ရလို့ ပင်ပန်းနေတာကို ဝန်ခံခဲ့ပေမဲ့ ထိပ်သီးအသင်းတွေနဲ့ ကစားတဲ့အခါမှာတော့ အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ လိုအပ်ကြောင်း ဗီနီဂျူနီယာက အလေးပေး ပြောကြားခဲ့ပါတယ်။

“ဒီပွဲမှာ နည်းနည်းတော့ ပင်ပန်းနေပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပွဲတွေ အများကြီး ကစားထားရလို့ပါ။ ဒါပေမဲ့ အမြဲတမ်း အသင့်ဖြစ်နေဖို့တော့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။ ခြေစွမ်းကို ဆက်ထိန်းထားဖို့ ကြိုးစားနေတဲ့ သူ့ရဲ့ စိတ်ဓာတ်ဟာ ဥရောပရဲ့ အင်အားအကြီးဆုံး အသင်းတစ်သင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ရည်မှန်းချက်ကို ပြသနေတာပါ။

ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ကစားရမဲ့ ပထမအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီး ဗီနီဂျူနီယာက ရီးရဲလ်မက်ဒရစ်အနေနဲ့ အကောင်းဆုံး ပုံစံကို ထုတ်ပြဖို့လိုအပ်တယ်လို့ ပြောပါတယ်။ “မန်စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို လိုအပ်ပါတယ်။ ပရိသတ်တွေ အားလုံးရဲ့ ထောက်ခံအားပေးမှုလည်း တကယ်ကို လိုအပ်ပါတယ်” လို့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အသင်းလိုက် စုစည်းမှုကို အလေးပေး ပြောဆိုသွားခဲ့ပါတယ်။

Source : https://africasoccer.com/

Leave a Reply

Your email address will not be published. Required fields are marked *